31.9 C
Yangon

ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ကွင်းပြီး မြန်မာ့ကျွန်းသစ် တင်သွင်းသူတွေကို အရေးယူပေးဖို့ တောင်းဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၂

အရေးယူပိတ်ဆို့ထားတာတွေကို ရှောင်ကွင်းပြီး မြန်မာ့ကျွန်းသစ် တင်သွင်းနေတဲ့ အမေရိကန်ကုမ္ပဏီတွေနဲ့ မြန်မာစစ်ကောင်စီနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို အရေးယူပေးဖို့ Justice For Myanmar အဖွဲ့ က အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်အစိုးရ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ကွင်းပြီး မြန်မာ့ကျွန်းသစ် တန် ၁၆၀၀ နီးပါးကို အမေရိကန်ကုမ္ပဏီတွေက တင်သွင်းထားတာဖြစ်တယ်လို့ Justice For Myanmar အဖွဲ့က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဆောင်ရွက်ထားတဲ့ ကြားကပင် မြန်မာ့ကျွန်းသစ် ကုန်သွယ်မှု ဆက်လက်ရှိနေဆဲ ဖြစ်တာ‌ကြောင့် မြန်မာ့သစ်တင်ပို့မှုအားလုံးအပေါ် ပိတ်ပင်မှုတစ်ရပ်ချမှတ်ရန် မဖြစ်မနေ လိုအပ်နေပြီ ဖြစ်တယ်လို့ Justice For Myanmar အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စစ်တပ်က တရားမဝင်အာဏာသိမ်းယူဖို့ ကြိုးပမ်းခဲ့တဲ့နောက်ပိုင်း မရှေးမနှောင်းမှာပဲ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံမှ ကျွန်းသစ်တန်ပေါင်း ၁,၅၆၅ တန်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ကွင်းပြီး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်က အရပ်သားပြည်သူ (၁,၄၀၀) ကျော်ကိုသတ်ဖြတ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ (၁၁,၀၀၀)ကျော်ကို ဖမ်းဆီးထောင်ချခြင်း၊ အရပ်ဘက်ပြည်သူ့နေရာတွေကို အဆင်ခြင်မဲ့ ဗုံးကျဲတိုက်ခိုက်ခြင်းနဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းတွေကို တရားလက်လွတ် ကျူးလွန်ခဲ့ပါတယ်။

အဲ့ဒီလို လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အစိုးရက စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့သစ်လုပ်ငန်း (MTE) အပါအဝင် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု အများအပြားကို ချမှတ်ခဲ့ပါတယ်။မြန်မာ့သစ်လုပ်ငန်းဟာ သစ်တင်ပို့မှုများအတွက် သစ်လေလံရောင်းချပေးတဲ့ ဌာနတစ်ခုဖြစ်ပြီး သစ်ရောင်းချမှုများအတွက် အဓိကတာဝန်ရှိတဲ့ ဌာနဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ သစ်ထုတ်လုပ်ငန်း နယ်ပယ်တစ်ခုလုံးကို မြန်မာ့သစ်လုပ်ငန်းက လက်ဝါးကြီးအုပ် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ မြန်မာသစ်လုပ်ငန်း (MTE)ဟာ စစ်တပ်ကို အဓိက ဝင်ငွေရှာပေးနေတဲ့ ဌာနတွေထဲ ကတစ်ခုဖြစ်လာပါတယ်။

မြန်မာ့သစ်လုပ်ငန်းကတဆင့် စစ်ကောင်စီက သစ်တင်ပို့မှု အခွန်ဝင်ငွေရဲ့ ရာခိုင်နှုန်းတစ်ခုကို ရယူနေပြီး အဲ့ဒီငွေတွေဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ဖို့အတွက် ငွေကြေးထောက်ပံ့သလို ဖြစ်နေပါတယ်။ သင်္ဘောတည်ဆောက်ရေး၊ အဆောက်အဦး ပြင်ပအလှဆင်ရေးနဲ့ ပရိဘောဂလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် မြန်မာ့ကျွန်းသစ်တွေကို အမေရိကန်ကုမ္ပဏီတွေက မှာယူတင်သွင်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကို ကျွန်းသစ်တင်ပို့မှုတွေဟာ ဒဏ်ခတ်ပိတ်ဆို့ မှုများ ချမှတ်ပြီးနောက် လအနည်းငယ်အတွင်း သိသိသာသာမြင့်တက်ခဲ့ပြီး မြန်မာသစ်လုပ်ငန်းက ကျွန်းသစ်များ လေလံတင်ရောင်းချခဲ့တဲ့ အချိန်ကာလနဲ့လည်း တိုက်ဆိုင်နေတယ်လို့ Justice For Myanmar ရဲ့ အဆိုအရ သိရှိရပါတယ်။ဒီအချက်အလက်တွေဟာ မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုသို့ ကျွန်းသစ်တိုက်ရိုက် တင်ပို့ထားတဲ့ အချက်အလက်တွေသာဖြစ်ပြီး တရုတ်အပါအဝင် မြန်မာနဲ့အိမ်နီးချင်းနိုင်ငံတွေကတဆင့် တင်ပို့တာတွေ ရှိနိုင်တယ်လို့လည်း Justice For Myanmar က ဆိုပါတယ်။

အမေရိကန်ကုမ္ပဏီတွေဟာ ကြားခံပွဲစားအဖြစ် ဆောင်ရွက်နေကြတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကတဆင့် သစ်တွေဝယ်ယူပြီး မြန်မာ့သစ်လုပ်ငန်းမှ တိုက်ရိုက်ဝယ်ယူတာကို ရှောင်ရှားပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ကွင်းနေတာ ဖြစ်ပါတယ်။ အဲ့ဒီပုဂ္ဂလိကကုမ္ပဏီတွေမှာ အရေးပါပြီး ထင်ရှားတဲ့ ကျွန်းသစ်ကုန်သည်ကုမ္ပဏီကြီးတွေ ပါဝင်ပြီး သူတို့တွေထဲကတချို့ဟာ စစ်အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း မြန်မာ့သစ်လုပ်ငန်း MTE ရဲ့ သစ်လေလံတွေ အောင်မြင်ခဲ့တဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ တင်ပို့ရောင်းချလိုက်တဲ့ သစ်တွေအားလုံးဟာ တရားဝင်အားဖြင့် မည်သူကတင်ပို့သည်ဖြစ်စေ စစ်ကောင်စီထံ အကျိုးအမြတ်ရရှိစေမှာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်နိုင်ငံအတွင်း မြန်မာ့ကျွန်းသစ်အများဆုံးတင်သွင်းသူ မှာ East Teak Fine Hardwoods (ETFH) ဖြစ်ပြီး မြန်မာ့သစ်တင်သွင်းမှုရဲ့ ၄၉ ရာခိုင်းနှုန်းအထိကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီတစ်ခုတည်းက ကျွန်းသစ်ပျဉ်ချပ်တွေ နဲ့ ဖြတ်စ ၇၆၅ တန်ကျော်ကို ဝယ်ယူခဲ့ပြီး ကုန်ပစ္စည်းတင်ပို့မှု ၄၄ ကြိမ် တင်သွင်းခဲ့တာဖြစ်ပါတယ်။

East Teak Fine Hardwoods (ETFH)ထံ ကျွန်းသစ်ရောင်းချပေးခဲ့တဲ့ ပြည်တွင်း ကမ္ပဏီတွေကတော့ Thein Than Htun Manufacturing Company Limited, National Wood Industry Ltd, Maha Nadi Maritime Services Company, Unilite Industries & General Serve, Jewellery Teak Timber Company, Pa Pa Wadi Company, Yadanar Tin Company, Lin Win Company, Royal River Trading Company နှင့် KMI Company တို့ ပါဝင်ပါတယ်။သစ်တင်ပို့ခဲ့တဲ့ ပြည်တွင်းကုမ္ပဏီတွေထဲမှာတော့ Thein Than Htun Manufacturing Company Limited က အကြီးဆုံးတင်သွင်းသူ ဖြစ်ပြီး အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်းမှာ ယင်းကုမ္ပဏီကို မြန်မာ့သစ်လုပ်ငန်းရဲ့ လေလံရောင်းချပွဲတွေမှာ ကျွန်းသစ်လေလံအောင်သူအဖြစ် အတည်ပြုထားနိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုသို့ ကုန်ပစ္စည်းတင်ပို့မှု ၂၂ ကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Thein Than Htun Manufacturing Company Limited ဟာ အမေရိကန် နာမည်ကြီး ကျွန်းအခြေခံ အဆောက်အဦးပြင်ပ ပရိဘောဂထုတ်လုပ်တဲ့ကုမ္ပဏီ Kingsley Bate Warehouse ကိုလည်း ကျွန်းသစ်တွေ ရောင်းချခဲ့ပါတယ်။Thein Than Htun ကုမ္ပဏီရဲ့ ဒါရိုက်တာဖြစ်သူ ကျော်ကျော်ဟာ မြန်မာ့သစ်လုပ်ငန်းရဲ့ လေလံပွဲမှာ လေလံအောင်ခဲ့တဲ့ တခြားကုမ္ပဏီ တစ်ခုဖြစ်တဲ့ United Wood Industries Company ရဲ့ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။အာဏာသိမ်းမှုနောက်ပိုင်း United Wood Industries Company က မြန်မာနိုင်ငံကကျွန်းသစ်တွေကို ထောက်ပံ့ ပို့ဆောင်ရေးကုမ္ပဏီ Apex Maritime မှတဆင့် “မြန်မာ့သဘာဝကျွန်းသစ်အစစ်အမှန်”တွေ အဓိကရောင်းချပေးတဲ့ သစ်လက်ကားရောင်းချတဲ့ Lumberbest ကုမ္ပဏီ ထံတင်ပို့ခဲ့တယ်လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

United Wood ရဲ့ ဒါရိုက်တာနဲ့ ရှယ်ယာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ Bjorn Burchard ဟာ မြန်မာ့ သစ်လုပ်ငန်းနဲ့ ကာလရှည်ဆက်နွှယ်မှုတွေရှိတဲ့ နောဝေနိုင်ငံသားတစ်ဦးဖြစ်ပါတယ်။ ယခင် စစ်အစိုးရလက်ထက်မှာ Bjorn ဟာ ပရိဘောဂစက်ရုံတစ်ရုံကို မြန်မာ့သစ်လုပ်ငန်းနဲ့ ပူးတွဲလည်ပတ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Scantrade ရဲ့ မန်နေဂျင်းဒါရိုက်တာ ဖြစ်ခဲ့ပြီး သူ့ကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ဖူးပါတယ်။

အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှာ အဲ့ဒီကုမ္ပဏီတွေနဲ့ အလားတူ သစ်ကုန်သွယ်မှုတွေမှာ ပါဝင်ခဲ့တဲ့ ကုမ္ပဏီတွေဟာ မြန်မာ့သစ်လုပ်ငန်း၊ သစ်တင်ပို့ရောင်းချမှုမြှင့်တင်ရေးလုပ်ငန်း ဆိုင်ရာအသင်းတစ်ခု ဖြစ်တဲ့ မြန်မာသစ်ကုန်သည်ကြီးများအသင်းတို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေး၊ မေးခွန်းထုတ်ဖွယ် ဆက်နွယ်မှုတွေ ရှိနေတယ်လို့လည်း Justice For Myanmar ထောက်ပြထားပါတယ်။

မြန်မာသစ်ကုန်သည်ကြီးများအသင်းဟာ မြန်မာသစ်လုပ်ငန်းရှင်တွေ၊ နိုင်ငံခြားဝယ်ယူသူတွေနဲ့ မြန်မာ့သစ်လုပ်ငန်းတို့အကြား ကုန်သွယ်မှုဆက်ဆံရေးကို အဆင်ပြေချောမွေ့စေဖို့ ပံ့ပိုးကူညီရာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ဒါ့အပြင် အဲ့ဒီအသင်းဟာစစ်ကောင်စီနဲ့ နီးကပ်စွာ ဆက်နွယ်ပတ်သက်မှုရှိနေတဲ့ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း UMFCCI ရဲ့ လမ်းညွှန်မှုအောက်မှာ လည်ပတ်နေတာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ KMI Company နဲ့ National Wood Industry Limited တို့ဟာ စစ်အာဏာ သိမ်းကြိုးပမ်းမှုနောက်ပိုင်း အမေရိကန်ပြည်ထောင်စုကို ကျွန်းသစ်တင်ပို့ခဲ့တဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီတွေမှာ ကျော်ဝင်းဆိုသူနဲ့ ရဲထက်ဝင်း ဆိုသူတို့ဟာ ကုမ္ပဏီနှစ်ခုလုံးမှာ ဒါရိုက်တာအဖြစ် တာဝန်ယူထားကြသူတွေ ဖြစ်ပါတယ်။ အဲ့ဒီအပြင် သူတို့ဟာ မြန်မာသစ်ကုန်သည်ကြီးများအသင်းမှာလည်း ရာထူးကြီးကြီး ရယူထားသူတွေ ဖြစ်ပါတယ်။ ကျော်ဝင်းဟာ မြန်မာသစ်ကုန်သည်ကြီးများအသင်းရဲ့ ဂုဏ်ထူးဆောင်စာရင်းစစ် တစ်ဦးဖြစ်ပြီး ရဲထက်ဝင်းသည် ဗဟိုအလုပ်မှုဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦး အဖြစ်တာဝန်ယူထားတာ ဖြစ်ပါတယ်။

KMI ကုမ္ပဏီရဲ့ အခြားဒါရိုက်တာတစ်ဦးဖြစ်သူ မင်းသော်ကောင်းဟာလည်း အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း အမေရိကန်ပြည်ထောင်စု ကို ကျွန်းသစ်တင်ပို့ခဲ့တဲ့ သစ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Win Enterprise Limited ရဲ့ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။Win Enterprise Limited ဟာ Forest Products Joint Venture Corporation ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်ပြီး မင်းသော်ကောင်း ဟာလည်း မြန်မာသစ်ကုန်သည်ကြီးများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး (၂) အဖြစ် တာဝန်ယူထားသူတစ်ဦး ဖြစ်တယ်လို့ သိရှိရပါတယ်။ မင်းသော်ကောင်း ဟာ Forest Products Joint Venture Corporation မှာလည်း ဒါရိုက်တာအဖြစ် တာဝန်ထပ်ယူထားပြီး Forest Products Joint Venture Corporation ဟာ မြန်မာ့သစ်လုပ်ငန်း၊ မြန်မာနိုင်ငံသစ်တောဝန်ကြီးဌာနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေအကြား ဖက်စပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အမေရိကန်ကို ဒုတိယနဲ့ တတိယအကြီးဆုံး ကျွန်းသစ်တင်သွင်းခဲ့တဲ့ ကုမ္ပဏီတွေကတော့ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းနယ်ပယ်မှာ နာမည်ကြီးတဲ့ သစ်လက်ကားရောင်းချတဲ့ J.Gibson McIlvain Company နဲ့ အမေရိကန် နာမည်ကြီး ပင်လယ်ရေကြောင်းဆိုင်ရာ marine panel ဖြန့်ချီသူ World Panel Products ကုမ္ပဏီ တို့ ဖြစ်တယ်လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ အဲ့ဒီကုမ္ပဏီနှစ်ခုလုံးဟာ Win Enterprise Ltd နဲ့ Myat Noe Thu Company တို့ထံမှ ကျွန်းသစ်များ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

J.Gibson McIlvain Company ကုမ္ပဏီဟာ Golden Pollen Manufacturing Company, Water Solutions Company, Tharaphu Decor Company တို့ ထံမှလည်း ကျွန်းသစ်များ ဝယ်ယူခဲ့ပြီး World Panel Products ကုမ္ပဏီကလည်း KMI Company က ကျွန်းသစ် ဝယ်ယူခဲ့တယ်လို့ သိရှိရပါတယ်။အဲ့ဒီအရောင်းအဝယ်ဖြစ်စဥ်မှာ ထူးခြားချက်တစ်ခုအနေနဲ့ကတော့ Water Solutions Company နဲ့ Tharaphu Decor Company တို့မှာ မင်းမင်းရှိန်က ဒါရိုက်တာအဖြစ် ကုမ္ပဏီနှစ်ခုလုံးမှာ ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှ မြန်မာနိုင်ငံက ကျွန်းသစ်တွေကို အမေရိကန်ပြည်ထောင်စုထံ တင်ပို့ရာမှာ ကုန်ပစ္စည်းတင်ပို့တဲ့ ကုမ္ပဏီအများအပြားဟာလည်း ကြံရာပါ ပါဝင်ပတ်သက်နေကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ဘဏ်တချို့ဟာလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ကျွန်းသစ် အရောင်းအဝယ်ကိစ္စရပ်တွေမှာ ငွေအလွဲအ‌ပြောင်း လုပ်ကိုင်ပေးပြီး စစ်ကောင်စီအတွက် အားပေးကူညီနေတယ်လို့ Justice For Myanmar က ထောက်ပြထားပါတယ်။ အဲ့ဒီဘဏ်တွေကတော့ စင်ကာပူဘဏ်တွေ ဖြစ်ကြတဲ့ United Overseas Bank (UOB), Oversea-Chinese Banking Corporation (OCBC) နှင့် DBS Bank တို့ ဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုတွေက အမေရိကန်ပြည်ထောင်စုကို ကျွန်းသစ်စီးဝင်မှုလမ်းကြောင်း ရပ်တန့်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိတာကို တွေ့ရပြီး၊ သစ်ကုန်သွယ်မှုမှတဆင့် တရားမဝင်စစ်ကောင်စီထံ ဘဏ္ဍာငွေစီးဆင်းနေတာကို သက်သေအထောက်အထားတွေက ပြသနေတယ်လို့ Justice For Myanmar က ထောက်ပြထားပါတယ်။

ဒါ့‌‌ကြောင့် Justice For Myanmar အနေနဲ့ စစ်ကောင်စီကို အထောက်ပံ့ဖြစ်စေတဲ့ မြန်မာ့ကျွန်းသစ်နဲ့ သစ်မာကုန်သွယ်မှုတွေ ရပ်တန့်နိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံတကာအစိုးရတွေကို တိုက်တွန်းတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထိရောက်ဖို့အတွက် အသက်ဝင်အောင် လုပ်ရပါမယ်။ မြန်မာ့သစ်လုပ်ငန်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တွေ ချမှတ်ပြီးနောက်ပိုင်း အမေရိကန်ရဲ့ မြန်မာနိုင်ငံက သစ်တင်သွင်းမှုတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ OFAC ကို ကျွန်မတို့ တောင်းဆိုပါတယ်။

“တရားမဝင်စစ်ကောင်စီဆီ နောက်ထပ်အခွန် ဝင်ငွေတွေ ရောက်နေတာကို ကာကွယ်ဖို့အတွက် မြန်မာ့သစ်တင်သွင်းမှုအားလုံးကို ပိတ်ပင်ဖို့ အမေရိကန်အစိုးရကို ကျွန်မတို့ တောင်းဆိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ဒါ့အပြင် မြန်မာ့ကျွန်းသစ်နဲ့၊ သစ်မာကုန်သွယ်မှုတွေကို အရေးတကြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ပေးဖို့၊ မြန်မာ့သစ်လုပ်ငန်းအပေါ် လက်ရှိ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်မှု တစုံတရာရှိ/မရှိ စုံစမ်းစစ်ဆေးပြီး မြန်မာကျွန်းသစ် ကုန်သွယ်မှုကို ထိရောက်စွာ တားဆီးပေးဖို့ JFM ကတောင်းဆိုခဲ့ပါတယ်။ကျွန်းသစ်ရောင်းချငွေတွေကို လွဲပြောင်းဆောင်ရွက်ပေးနေတဲ့ ဘဏ်နဲ့ ငွေကြေးအဖွဲ့အစည်း တွေကို ချက်ချင်း စုံးစမ်းစစ်ဆေးမှုပြုလုပ်ဖို့အတွက်လည်း တောင်းဆိုထားပါတယ်။

JFM ရဲ့ တောင်းဆိုချက်တွေမှာ သစ်အပါအဝင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ လုပ်ငန်းတွေက ထုတ်ကုန်များ တင်ပို့မှုတွေမှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေနဲ့ ဒါရိုက်တာပုဂ္ဂိုလ်အားလုံးအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ မှုအသစ်တွေ ချမှတ်ပေးဖို့ နဲ့ အခြားသော စစ်တပ်ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနှင့် မိတ်ဖက်အားလုံးတို့အပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ဖို့ တွေလည်း ပါဝင်ပါတယ်။တရားမဝင်စစ်ကောင်စီထံ နောက်ထပ်အခွန်ဝင်ငွေတွေ ရောက်ရှိမှုကို ကာကွယ်နိုင်ရေးအတွက် မြန်မာ့သစ်တင်သွင်းမှုအားလုံးကို ပိတ်ပင်ပေးဖို့လည်း အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံတကာအစိုးရတွေကို တိုက်တွန်းတောင်းဆိုမှုတွေ ပြုလုပ်ထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article