36 C
Yangon

တရုတ်က လှေနံနှစ်ဖက်နင်း မူဝါဒဖြင့် စစ်ကောင်စီကို ဆက်ဆံသကဲ့သို့ NLD ကိုလည်း မပစ်ပယ်၊ စစ်ကောင်စီအပေါ် တရုတ်ယုံကြည်မှု ကျဆင်းလာ

Must read

By ဂျေဆင်တာဝါ

လွန်ခဲ့သည့်နှစ်လက တရုတ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ) နှင့် ၎င်း၏ဆက်ဆံရေးကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလာသည်။ ဤလုပ်ရပ်သည် စစ်တပ်၏ အာဏာတည်မြဲမှုအပေါ် ဘေဂျင်း၏ ယုံကြည်မှုကျဆင်းလာသည့်လက္ခဏာဖြစ်ကြောင်း လေ့လာသုံးသပ်သူအများစုက ထင် ကြေးပေးကြသည်။ ထိုယူဆချက် မှန်ကန်ပါရဲ့လား။

မြန်မာအာဏာရှင်များနှင့် တရုတ်၏ ကျွမ်းကျင်ပါးနပ်သည့် ဆက်ဆံရေးကို အဓိပ္ပါယ်ဖွင့်ရန်မှာ အင်မတန် ရှုပ်ထွေးလှသည်။ အချက်အလက်အရ ပြောရမည်ဆိုပါက တရုတ်သည် မည်သည့်ထောက်ပံ့မှုမျှမပါဘဲ အင်န်အယ်လ်ဒီနှင့် ဆက်သွယ်မှုများ ပြုလုပ်နေစဥ်မှာပင်၊ သြဂုတ်လမှစတင်ကာ စစ်အာဏာရှင်များကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေး၊ သံတမန်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများဖြင့် စစ်တပ်နှင့်ဆက်ဆံရေးကို ခိုင်မာအောင် တရုတ်က တည်ဆောက်နေသည်။ ထို့အတူတရုတ်၏ ပါတီချင်းဆက်ဆံရေး ဆိုသည့် သံတမန်နည်းလမ်းသည် အင်န်အယ်လ်ဒီကို ထောက်ပံ့ကူညီရန်ထက် အစွန်းမရောက်အောင် ထိန်းချုပ်ရန် ကြိုးပမ်းမှုပင်ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းမှုမတိုင်မီက တရုတ်သည် အင်န်အယ်လ်ဒီ၏ ထိပ်တန်း နိုင်ငံတကာမိတ်ဖက်နိုင်ငံ များထဲတွင် ပါဝင်ခဲ့သည်။ ၂၀၁၅ ခုနှစ်မှ ကိုဗစ်−နိုင်တီးကြောင့် တရုတ်နယ်စပ်ကို ပိတ်လိုက်သည့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလအထိ အန်င်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ငါးကြိမ်သွားရောက်ခဲ့ပြီး ဥက္ကဋ္ဌ ရှီကျင့်ဖျင်နှင့် ငါးကြိမ်တွေ့ဆုံခဲ့သည်။

ထိုခရီးစဉ်အတွင်း ရှီက ” တရုတ်-မြန်မာအသိုက်အ၀န်းကို အတူတကွဖန်တီးရန်” အင်န်အယ်လ်ဒီ ဦးဆောင်သည့် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင် ဟုကြေညာခဲ့သည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရသည့် အစိုးရခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းလိုက်ချိန်တွင် တရုတ်သည် အင်န်အယ်လ်ဒီနှင့် ဆက်ဆံရေးကို ချက်ချင်းဆိုသလို ဖြတ်တောက်လိုက်သည်။

အင်န်အယ်လ်ဒီပါတီနှင့် ဧပြီလက ဖွဲ့စည်းလိုက်သည့် စင်ပြိုင်အစိုးရ (အမျိုး သားညီညွတ်ရေးအစိုးရ−အင်န်ယူဂျီ)က တရုတ်ထံ စာများပေးပို့ခြင်းနှင့် တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း လပေါင်းများစွာသည်အထိ ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့ပေ။ တရုတ်သံရုံးသည် ဖယ်ရှားခံလိုက်ရသည့် မြန်မာအရပ်ဘက်ခေါင်းဆောင်များအပေါ် စိတ်စေတနာကောင်းများ ထားရှိရေးထက် တရုတ်၏အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် အကူအညီတောင်းရန်သာ အာရုံစိုက်လုပ်ဆောင်ခဲ့သည်။ ဇူလိုင်လတွင် အင်န်အယ်လ်ဒီက ကွန်မြူနစ်ပါတီနှစ် ၁၀၀ပြည့်,နှစ်ပတ်လည်အတွက် ဂုဏ်ပြုစာပေးပို့လိုက်ချိန်မှသာ ဘေဂျင်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

ယင်းအခြေအနေသည် စစ်တပ်အပေါ် တရုတ်၏ဦးတည်ချက်ကို အနည်းငယ်သာ အပြောင်းအလဲသာ ဖြစ်စေခဲ့သည်။ ထို့နောက် သတင်းပတ်အများအတွင်း တရုတ်သည် စစ်ကောင်စီအား အရေးပါသည့် အစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်စေခဲ့သည်။ တရုတ်က မင်းအောင်လှိုင်အား အန်င်အယ်လ်ဒီပါတီ ဖျက်သိမ်းရေးကို တား မြစ်ခဲ့သည်ဟု ပြောဆိုမှုများရှိနေသည့်တိုင် တရုတ်သည် လွန်ခဲ့သည့်ရှစ်လတာအတွင်း အင်န်အယ်လ်ဒီလုပ်ဆောင်ခဲ့သည့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေးနှင့် ရိုဟင်ဂျာများနှင့် ဆက်ဆံရေးတိုးတက်မြှင့်ခြင်း အပါအဝင် မည်သည့်လုပ်ဆောင်ချက်ကိုမျှ အသိအမှတ်မပြုခဲ့ပေ။

တရုတ်အစိုးရက“ မြန်မာ-တရုတ်ချစ်ကြည်ရေးသည် မြန်မာနိုင်ငံသားအားလုံးအတွက် လမ်းဖွင့်ထားသည်” ဟု အခိုင်အမာပြောဆိုထားပြီး အင်န်အယ်လ်ဒီပါတီနှင့် ခိုင်မာသည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားမည် ဟုဆိုသည်။ သို့သော် လွန်ခဲ့သည့် သုံးလတာကာလအတွင်း တရုတ်ဘက်မှ ပါဝင်ပတ်သတ်သူများ၏ လုပ်ဆောင်ချက်များအား အနီးကပ်လေ့လာကြည့်ရာ အထက်ပါပြောဆိုချက်များနှင့် အင်မတန်ကွာဟနေသည်ကို တွေ့ရသည်။ တရုတ်၏လုပ်ရပ်များနှင့် ပတ်သတ်ပြီး အခြေခံအကျဆုံး မေးခွန်းတစ်ခုမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အင်န်အယ်လ်ဒီအပေါ် ထားရှိသည့် တရုတ်၏ စစ်မှန်သည့်သဘောထားမှာ မည်သို့ရှိနေသနည်း ဆိုသည့်မေးခွန်းပင် ဖြစ်သည်။

ရထားလိုင်းများ၊ ချိတ်ဆက်မှုများနှင့် စက်မှုဇုန်များ

============================

သြဂုတ်လအစောပိုင်းတွင် စစ်ကောင်စီနှင့် ပိုမိုနီးကပ်စွ ာဆောင်ရွက်မည်ဟု တရုတ်က ဆုံးဖြတ်ပြီးနောက် တရုတ်အရာရှိများသည် ပိုမိုနက်ရှိုင်းသည့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအတွက် ကနဦးခြေလှမ်းများကို ခပ် သွက် သွက်လုပ်ဆောင်လာသည်။ ယင်းလုပ်ဆောင်ချက်အတွက် ဗဟိုချက်မမှာ မြန်မာနိုင်ငံ၏ ကိုးကန့် အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် နယ်နမိတ်ထိစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်ရှိ လင်ချန်းမြို့ဖြစ်သည်။ ၃ ဒသမ ၄၇ စတုရန်းကီလိုမီတာ (၂ ဒသမ ၂ မိုင်) ကျယ်ဝန်းသည့် နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် လည်းဖြစ်သည်။ တရုတ်အစိုးရ၏ စာရွက်စာတမ်းများအရ ယင်းစက်မှုဇုံသည် ၂၀၂၀ ပြည့်နှစ်အကုန်တွင် အမေရိကန် ဒေါ်လာ ၃၁ ဘီလျံကျော်ရင်းနှီးမြှပ်နှံထားသည်။ တရုတ်ရင်းနှီးမြှုပ်နှံသူ အများစုအတွက် အဓိကအရောင်းအဝယ် လုပ်သည့်အချက်မှာ ရန်ကုန်ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံတောင်ပိုင်း ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူဆိပ်ကမ်းမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ ဝင်ထွက်နိုင်သည့် လမ်း ကြောင်းပင်ဖြစ်သည်။

လမ်းကြောင်းသစ်များ

===============

သြဂုတ်လနှောင်းပိုင်းက လင်ချန်းအာဏာပိုင်များသည် တရုတ်-မြန်မာလမ်း ကြောင်းသစ်ဟု အမည်ပေးထားသော ရန်ကုန်သို့ ဆက်သွယ်မည့် ကုန် သွယ်ရေးလမ်းကြောင်း ဖွင့်ရန် စစ်ကောင်စီ၏ စီးပွားရေးအာဏာပိုင်များနှင့် သဘောတူညီမှုရခဲ့သည်။ လန်ချန်းမြို့တွင်စတင်သည့် ၂၀၁ ကီလိုမီတာ ရှည်သည့် ရထားလမ်းလိုင်းသည် မေလက ပြီးစီးခဲ့သော အဝေးပြေးလမ်းမနှင့် ချိတ်ဆက်ထားသည့် တရုတ်အမျိုးသားရထားလိုင်းနှင့် ဆက်သွယ်ကာ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော် ရန်ကုန်နှင့် ဆိပ်ကမ်းသို့ ဝင်ရောက်မည် ဖြစ်သည်။ လမ်းကြောင်းသစ် ဖွင့်ပွဲနှင့်အတူ ဒုတိယမြောက် တရုတ်-မြန်မာနယ်စပ် စီး ပွားရေးနှင့် ကုန်စည်ပြပွဲကို ကျင်းပခဲ့သည်။ ပြပွဲတွင် တရုတ်ကုမ္ပဏီပေါင်း ၂၅၇ခုကျော် ပါဝင်ပြသခဲ့ပြီး ၂၀၁၉ခုနှစ်တွင် ဝင်ရောက်ပြသသည့် ကုမ္ပဏီအရေအတွက်ထက် လေးဆကျော်ပိုများခဲ့သည်။ ပြပွဲသို့ ကွန်မြူနစ်ပါတီမှအရာရှိများ တက်ရောက်ခဲ့ပြီး ကုန်သွယ်ရေးချိတ် ဆက်မှု မြှင့်တင်ရေးတွင် ပါဝင်ခဲ့သည့် စစ်ကောင်စီကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အခန်းကဏ္ဍအပေါ် ချီးကျူးဂုဏ်ပြု စကားဆိုခဲ့သည်။ လင်ချန်းမြို့၏ ဦးဆောင်မှုနောက်ကိုလိုက်ကာ စက်တင်ဘာလတွင် အိမ်နီးချင်း ကွမ်ရှီးပြည်နယ်သည် တရုတ် – အာဆီယံကုန်စည်ပြပွဲမှတစ်ဆင့် စစ်ကောင်စီနှင့် စီးပွားရေးစာချုပ်သစ်များ ချုပ်ဆိုနိုင်ခဲ့သည်။ အဆိုပါကုန်စည်ပြပွဲကို မန္တလေးမြို့ရှိ တရုတ် ကျောထောက်နောက်ခံပြု စက်မှုဇုန်တစ်ခုတွင် လက်ခံကျင်းပခဲ့ပြီး စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေးသမားများနှင့် တရုတ်ကုမ္ပဏီများအကြား e-commerce ကဏ္ဍတွင် အရေးပါသည့် သဘောတူညီမှုများ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ စက်တင်လာလအတွင်းမှာပင် တရုတ်နိုင်ငံ၏ အကြီးဆုံး နိုင်ငံပိုင်လုပ်ငန်းတစ်ခုက အငမ်းမရ လိုချင်နေသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ကွင်းဆင်းလေ့လာမှု စတင်နိုင်ရေး သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့သည်။

နိုင်ငံရေးအရအပြန်အလှန်ကူညီခြင်း ====================

နိုင်ငံတကာသတင်းမီဒီယာများက တရုတ်သည် စစ်အုပ်ချုပ်ရေးကို အပြည့် အ၀ ထောက်ခံအားပေးလိုစိတ် မရှိတော့ကြောင်း စစ်ဗိုလ်ချုပ်များက ရွေးချယ်ထားသည့် ကိုယ်စားလှယ်အား ကုလသမဂ္ဂတွင် ထိုင်ခုံနေရာမပေးရန် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်၏ သဘောတူညီမှုအပေါ် အခြေခံ ပြောဆိုရေးသားကြသည်။ ယင်းသဘောတူညီမှုသည် တရုတ်၏ အင်န်အယ်လ်ဒီအပေါ် လိုက်လျောမှု တစ်ခုအဖြစ် နားလည်သင့်ပါသလား။သဘောတူညီချက်ကို အပြည့်အဝ အကောင်အထည် မဖော်ခင်မှာပင် အင်န်အယ်လ်ဒီကို ထောက်ခံသူလည်းဖြစ်၊ တက်ကြွပွင့်လင်းစွ ာပြောဆိုတတ်သည့် လက်ရှိကိုယ်စားလှယ် (မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ ကုလမသဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း) ၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်ခံလိုက်ရသည်။ အခြားအရေးပါသည့် နိုင်ငံရေးတိုးတက်မှုများမှာ တရုတ်နှင့် စစ်ကောင်စီတို့ကြားတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုထက် သာလွန်သည့် မဟာမိတ်ပုံစံမျိုးရှိနေသည်ကို သိသာထင်ရှားစေသည်။ ပထမဦးစွာ စက်တင်ဘာလအစောပိုင်းတွင် စစ်ကောင်စီ၏ ကျန်းမာရေး၀န်ကြီးဌာနသည် ကိုဗစ်−နိုင်တီး ကပ်ရောဂါအစပျိုးမှုအတွက် အငြင်းပွားဖွယ်ရာဖြစ်သော တရုတ်နိုင်ငံအပေါ် ထောက်ခံအားပေးကြောင်း ဖော်ပြခဲ့သည်။ (ယင်းထောက်ခံမှုကို) ဘေဂျင်း၏ နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် သိသာထင် ရှားစွာ သတင်းထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနလည်း မြန်မာ ၏ထောက်ခံမှုကို မီးမောင်းထိုးဖော်ပြခဲ့ခြင်းဖြင့် စစ်ကောင်စီကို တရား၀င်မှုကို ကူညီပံ့ပိုးပေးခဲ့သည်။ဒုတိယအချက်မှာ စက်တင်ဘာလလယ်က ဂျီနီဗာတွင်ကျင်းပသည့် ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် “လူ့အခွင့်အရေး သို့မဟုတ် ဒီမိုကရေစီ” ကိုအကြောင်းပြပြီး နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို ရှုတ်ချသည့် တရုတ်ဦးဆောင်သော ကြေညာချက်အား လက်မှတ်ရေးထိုးသည့် နိုင်ငံပေါင်း ၄၀တွင် မြန်မာနိုင်ငံပါဝင်ခဲ့သည်။ အင်မတန်ထူးခြားသည့် ဆောင်ရွက်ချက်ဖြစ်သည်။ အာဏာသိမ်းစဥ်ကတည်းက အနောက်အင်အားစုများသည် နောက်ဆက်တွဲ အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင်ရှိနေပြီး မြန်မာနိုင်ငံတွင် “နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုများကို ကာကွယ်ရန်” လိုအပ်ကြောင်း တရုတ်က ထပ်ခါတလဲလဲပြောခဲ့သည်။တတိယအချက်မှာ ကုလသမဂ္ဂ (မြန်မာကိုယ်စားလှယ်ခန့်အပ်ရေး) ဆိုင်ရာ သဘောတူညီမှု ကြေငြာပြီး နှစ်ရက်အကြာတွင် ထုတ်ပြန်ခဲ့သည့် တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် သြဂုတ်လတွင် တရုတ်−အာဆီယံ ဆက်ဆံရေးညှိနှိုင်းရေးမှူး အဖြစ်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကို အလေးထားဖော်ပြခဲ့သည်။ တရုတ်-အာဆီယံ ဆက်ဆံရေးကို မြှင့်တင်ရာတွင် မြန်မာနှင့်အလုပ်တွဲလုပ်ရန် ဘေဂျင်း၏သဘောထားကို အလေးထား ပြောဆိုလိုက်ခြင်းဖြစ်သည်။ နိုင်ငံရေးအကျပ်အတည်းကို ဖော်ပြမထားသည့် ကြေညာချက်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကို ဆက်လက် အကောင်အထည်ဖော်ရန် လိုလားသည့် တရုတ်၏ဆန္ဒကို အလေးအနက် ဖော်ပြထားသည်။ ထိုကြေညာချက်သည် ကုလမသဂ္ဂတွင် မြန်မာကိုယ်စားလှယ်ခန့်ထားရေးနှင့် ပတ်သတ်သည့် သဘောတူညီမှု ထွက်ပေါ်လာပြီးနောက် နိုင်ငံတောင်ပိုင်းရှိ အိမ်နီးချင်းနိုင်ငံအတွက် စိတ်ချလက်ချ ရှိစေမည့် အာမခံချက်တစ်ခုလည်း ဖြစ်သည်။

စစ်မှန်သော ပါတီချင်းဆက်ဆံရေး ====================

ဇူလိုင် ၁ရက်နေ့တွင် အင်န်အယ်လ်ဒီက တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၁၀၀ပြည့် အထိမ်းအမှတ်အတွက် စာတစ်စောင် ပေးပို့ခဲ့ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ(စီစီပီ)က အင်န်အယ်လ်ဒီနှင့် ဆက်ဆံရေး ပြန်လည်စတင်ခဲ့သည်။ စီစီပီ အပြည်ပြည်ဆိုင်ရာဌာနက ၎င်းတို့ထံ ဂုဏ်ပြုစာ ပေးပို့သည့် နိုင်ငံရေးပါတီ ၅ပါတီကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ဇူလိုင် ၉ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အင်န်အယ်လ်ဒီကို ထိပ်ဆုံးတွင်ဖော်ပြခဲ့သည့် နိုင်ငံရေး ပါတီစာရင်းတွင် စစ်တပ်မဟာမိတ်ပါတီ(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)လည်း ပါဝင်သည်။ စီစီပီသည် အင်န်အယ်လ်ဒီ၏ တရုတ်ပြည် ဆက်ဆံရေးတာဝန်ခံ ဦးဘိုဘိုဦးအား တရုတ်အာဆီယံ ကုန်စည်ပြပွဲ မတိုင်မီ ကျင်းပသည့် တောင်အာရှနှင့်အရှေ့တောင်အာရ ှဒေသတွင်း နိုင်ငံရေးပါတီများနှင့် ပြုလုပ်သည့် ဗွီဒီယိုဆွေးနွေးပွဲတစ်ခုတွင် တက်ရောက်ရန်ဖိတ်ကြားခဲ့သည်။ စစ်တပ်၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဖိတ်ကြားခဲ့သော်လည်း တရုတ်အစိုးရပိုင် သတင်းဌာနများက တင်ဆက်သည့် ဗီဒီယိုဆွေးနွေးပွဲ သတင်းများတွင် အင်န်အယ်လ်ဒီပါတီ ပါဝင်တက်ရောက်ခြင်းကိုသာ ဖော်ပြခဲ့သည်။ တရုတ်က အင်န်အယ်လ်ဒီပါတီကို ဖျက်သိမ်းမည့် မည်သည့်ကြိုးပမ်းမှုကိုမဆို ဆန့်ကျင်ကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့သော်လည်း အင်န်အယ်လ်ဒီ လွှမ်းမိုးထားသည့် အင်န်ယူဂျီအစိုးရအား တရုတ်က လိုလားသည့်အရိပ် အယောင်ကို မတွေ့ရပေ။ ဆန့်ကျင်ဘက်အနေနှင့် အင်န်ယူဂျီကို တည်ထောင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီ၏ အခြားခေါင်းဆောင်များက အင်န်ယူဂျီ၏ လုပ်ဆောင်ချက်များကို သဘောမတူကြောင်း တရုတ်ပညာတတ်များက အငြင်းပွားခဲ့ပြီး အင်န်ယူဂျီ၏ တရားဝင်မှုကို မေးခွန်းထုတ်ကြသည်။စီစီပီက အင်န်အယ်လ်ဒီခေါင်းဆောင်များအား တည်ငြိမ်မှုပျက်ပြားစေမည့် တော်လှန်ရေး လှုပ်ရှားမှုများကို ရှောင်ကြဥ်ရန် သတိပေးသည်။

အဆိုပါ လုပ်ရပ်များအစား “ပြည်သူ့ခုခံကာကွယ်ရေးစစ်ပွဲ” ကြေငြာထားသည့် အင်န်ယူဂျီနှင့် ခပ်ကင်းကင်းနေရန် အင်န်အယ်လ်ဒီကို အားပေးအားမြှောက် လုပ်နေသည်။ တစ်ချိန်တည်းမှာပင် တရုတ်အစိုးရပိုင်မီဒီယာသည် အာဏာသိမ်းမှုနှင့်ပတ်သက်၍ စစ်အစိုးရ၏ ဝါဒဖြန့်မှုကို ထပ်ဆင့်ပြန်လည်ဖော်ပြခဲ့ပြီး အင်န်ယူဂျီ၏ လှုပ်ရှားဆောင်ရွက်မှုတိုင်းကို မသိကျိုးကျွံ ပြုခဲ့သည်။ ဥပမာ အင်န်ယူဂျီက လုပ်ဆောင်ခဲ့သည့် စစ်တပ်၏ အာဏာဆုပ်ကိုင်မှုကို အာမခံထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်းကြောင်း ကြေငြာချက်ကို မဖော်ပြခဲ့ပေ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကသာ အင်န်ယူဂျီ၏ ရပ်တည်ချက်ကို အခိုင်အမာထောက်ခံသည်။ တရုတ်၏ တရားဝင် ရပ်တည်ချက်မှာ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံသည့် နိုင်ငံရေးအရ အဖြေရှာ အဆုံးသတ်ရန် တောင်းဆိုခြင်းသာ ဖြစ်သည်။

အန္တရာယ်များသောစီးပွားရေး

===============

“ မြန်မာ-တရုတ်ချစ်ကြည်ရေးသည် မြန်မာနိုင်ငံသားအားလုံး အတွက် လမ်းဖွင့်ထားသည်” ဆိုသည့် တရုတ်၏ရပ်တည်ချက်ကို သေချာလေ့လာကြည့်ပါက အင်န်အယ်လ်ဒီနှင့် ဆက်ဆံရေးတွင် ထားရှိသည့် ဘေဂျင်း၏ စဥ်းစားချက်များကို အရိတ်အမြွတ် သိနိုင်သည်။ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ ကြီးထွားလာခြင်းကြောင့် မြန်မာနိုင်ငံရှိ တရုတ်၏ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများတွင် ကျရောက်လာမည့် အန္တရာယ်များအပေါ် ဘေဂျင်းက စိုးရိမ်စိတ် ရှိနေမြဲဖြစ်သည်။ မတ်လကတည်းက တရုတ်စီမံကိန်းများသည် ဆန္ဒပြသူများနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပြီး ဒေါ်လာသန်းပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ အင်န်အယ်လ်ဒီအတွက် လမ်းကြောင်းများ ဆက်လက် ဖွင့်ထားခြင်းသည် ပါတီအား ဆက်လက်အားပေး ထောက်ခံနေသော မြန်မာလူထုနှင့် တရုတ်၏ ဆက်ဆံရေးကို အဆင်ပြေစေနိုင်သည်။ ထိုနည်းလမ်းသည် လူထု၏ ပြင်းထန်သော တုံ့ပြန်မှုနှင့် မတည်ငြိမ်မှုကို ဖြစ်ပေါ်စေမည့် စစ်တပ်က အင်န်အယ်လ်ဒီအား ပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ခြင်းကို ဟန့်တားရာတွင် အထောက်အကူဖြစ်စေသည်။ သို့သော် တရုတ်သည် ရှုပ်ထွေးသည့် ကစားပွဲတစ်ခုကို ကစားနေခြင်းဖြစ် သည်။ တရုတ်သည် ၎င်းတို့ လျစ်လျူရှုထားသည့် အင်န်ယူဂျီ၏လှုပ်ရှားဆောင်ရွက်မှုနှင့် ခပ်ဝေးဝေးနေပြီး တစ်ဖက်တွင် အင်န်အယ်လ်ဒီပါတီ၏ တရားဝင်ရပ်တည်မှုကို ပံ့ပိုးနေခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးသလိုပင် ဖြစ်နေသည်။ အင်န်ယူဂျီနှင့် ပူးပေါင်းထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများသည် ခွဲခြားဆက်ဆံသည့် စနစ်များအပေါ် စစ်တပ်နှင့် အပေးအယူပြုလုပ်ခဲ့သည့် အင်န်အယ်လ်ဒီအစိုးရ၏ အစောပိုင်းညှိနှိုင်းများကို အယုံအကြည် ကင်းမဲ့နေပြီးသား ဖြစ် သည်။ သူတို့၏(အင်န်အယ်လ်ဒီနှင့် အင်န်ယူဂျီ) စည်းလုံးညီညွတ်မှုကို ကွဲအက်စေခြင်းဖြင့် အကျိုးအမြတ်ရှိသည့် မည်သည့်နိုင်ငံရေး ပြေလည်မှုကိုမျှ ရနိုင်မည်မဟုတ်ပေ။ တရုတ်သည် မြန်မာနိုင်ငံရှိ ၎င်း၏ ရေရှည်အကျိုးစီးပွားများကို အလေးအနက်ထားပါက ၎င်း၏ချဉ်းကပ်ပုံကို အသေအချာ ပြန်လည်သုံးသပ်ရန် လိုအပ်သည်။ တရုတ်-မြန်မာ ချစ်ကြည်ရေးမူဝါဒသည် အစတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် စစ်တပ်သည် ပြည်သူလုထုနှင့် အပြင်းအထန် စစ်ပွဲတစ်ခု ဆင်နွှဲနေ သည်ကို အသိအမှတ်ပြုရန်လိုသည်။ အသိအမှတ်ပြုခြင်း၊ အကူအညီများပေးခြင်း နှင့်စီးပွားရေး သဘောတူညီချက် အသစ်များဖြင့် စစ်တပ်ကို ထောက်ခံအားပေးနေသမျှ တရုတ်အနေဖြင့် မြန်မာပြည်သူများနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။

စစ်ကောင်စီသည် တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိကြောင်း ဆက်လက် သက်သေပြနိုင်ပါက နောက်ဆုံးတွင် ယင်းသဘောတူညီချက်များ အားလုံး ဆုံးရှုံးသွားနိုင်သည်ကို တရုတ်က နားလည်သဘောပေါက်သင့်သည်။

(Jason Tower ရေးသားသော China and Myanmar’s Ousted Leaders: Mixed Signals, Cold Interests ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆို တင်ဆက်ထားခြင်း ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article