25 C
Yangon

စစ်အာဏာသိမ်းမှုအပေါ် တရုတ် အားပေးနေပြီး မင်းအောင်လှိုင်ကို နိုင်ငံ့ခေါင်းဆောင်ဟု သုံးနှုန်းနေမှု မြန်မာအရပ်ဘက်အဖွဲ့ ၄၂၆ ခုက တရုတ်ကို ပြင်းထန်စွာ ရှုတ်ချ

Must read

ရန်ကုန်၊ ဇွန် ၁၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်၏ ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့ မှစ၍ မင်းအောင်လှိုင်နှင့် ၎င်း၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) ဆိုသည်ကို မြန်မာနိုင်ငံ၏ “ခေါင်းဆောင်များ” အဖြစ် အသိအမှတ်ပြုသည့် လုပ်ရပ်အား အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း ၄၂၆ ဖွဲ့က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

လူသိရှင်ကြား ထုတ်ပြန်ကြေညာချက်တွင် မင်းအောင်လှိုင်အား “မြန်မာ့ခေါင်းဆောင်” အဖြစ် ရည်ညွှန်းဖော်ပြခြင်း၊ စစ်ကောင်စီ ၏ နိုင်ငံခြားရေးဝန်ကြီးအား တရုတ်-အာဆီယံ အထူးအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖြစ်တက်ရောက်ရန် ချုံချင်းသို့ ဖိတ်ကြားခြင်းနှင့် နိုင်ငံရေးအကြပ်အတည်း၏ ဖြေရှင်းချက်တစ်ခုအနေဖြင့် စစ်ကောင်စီအား စီးပွားရေးဆိုင်ရာ ပံ့ပိုးမှုများပေးရန် အဆိုပြုခြင်း စသည့်လုပ်ရပ်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအား တရုတ်နိုင်ငံမှ အလွန်အကျွံ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည့်အပြင် ‌ဒေသတွင်းတည်ငြိမ်ရေးကိုလည်း ခြိမ်းခြောက်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရမှ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီအား ဇွန်လ ၇ ရက်နေ့တွင် ပေးပို့လိုက်သည့်စာကဲ့သို့ မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းရန် ကြိုးစားခဲ့သည်။ ၎င်းသည် နိုင်ငံ၏ တရားဝင်ခေါင်းဆောင်မဟုတ်ပါ။ ၎င်း၏ စစ်အာဏာသိမ်းမှု မအောင်မြင်သဖြင့် လက်တွေ့အရ တရားဝင်မှု (de facto) အာဏာကို အကြမ်းဖက်နည်းဖြင့်ရယူရန် ကြိုးပမ်းသဖြင့် ထောင်နှင့်ချီသော မြန်မာပြည်သူများ အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်းတရုတ်နိုင်ငံမှ ၎င်းတို့၏လုပ်ရပ်သည် ‌ဒေသတွင်း တည်ငြိမ်ရေးနှင့် အကြမ်းဖက်မှုများအား တားဆီးကာကွယ်ရန်ဖြစ်သည်ဟု ဆိုသည်။

အမှန်တကယ်မှာ စစ်တပ်အား ထောက်ခံသည့် လုပ်ရပ်အားလုံးသည် မြန်မာပြည်သူများအပေါ် စစ်တပ်မှ စစ်ပွဲဆင်နွှဲရန် နေရာဖန်တီးပေးခြင်းပင်ဖြစ်သည်။ စစ်တပ်အားထောက်ပံ့ခြင်းသည် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အကြား တိုက်ပွဲများကို ပိုမိုဖြစ်ပွားစေကာ ပြည်တွင်းစစ်မီးကိုလည်း ပို၍ပင် တောက်လောင်စေမည် ဖြစ်ကြောင်း၊ဤသို့ ပြည်တွင်းမငြိမ်မသက်မှုများအပြင် ယခုလုပ်ရပ်များကြောင့် အာရှ တောင်ပိုင်းနှင့် အရှေ့တောင်အာရှအထိသို့ ပျံ့နှံ့နေပြီးဖြစ်သောကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများအား ပိုမိုဆိုးရွားစေခြင်း နှင့် ရှိနှင့်ပြီးသား နယ်ခြားဖြတ်ကျော် ဒုစရိုက်လုပ်ငန်း များကိုလည်း ပိုမိုအားကောင်းစေမည် ဖြစ်ကြောင်းယခုအကြပ်အတည်းအားဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ မြန်မာလူထုများ၏ သဘောဆန္ဒအား လေးစားရန်နှင့် ဒီမိုကရေစီအစိုးရအား ပြန်လည်ထူထောင်ပေးရန်ဖြစ်ကြောင်း၊တရုတ်နိုင်ငံမှ မင်းအောင်လှိုင်အား အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေးအကျဥ်းသားများအားလုံးကို လွှတ်ပေးရန်နှင့် နိုင်ငံ့အနာဂါတ်အတွက် နိုင်ငံရေးဆွေးနွေးဝိုင်းတွင်ပါဝင်ကာ ရေရှည်တည်တံ့သော နည်းလမ်းရှာဖွေရန် တို့ကို တိုက်တွန်းသင့်ကြောင်း၊တရုတ်နိုင်ငံဖက်မှ အကြမ်းဖက်နည်းလမ်းဖြင့် အာဏာရရှိရန်ကြိုးပမ်းနေသော မင်းအောင်လှိုင်အား ကူညီခြင်းဖြင့် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ပါက တရုတ်-မြန်မာစီးပွား ရေးစင်္ကြံနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏အကျိုးစီးပွားများ အားလုံးသည် ‌ဖြစ်ပေါ်လာမည့် ရှုပ်ထွေးမှုများနှင့် အကြမ်းဖက်မှုများ၏ ရိုက်ခတ်မှုကို မလွှဲမသွေ ခံစားရမည်ဖြစ်ကြောင်း၊ ဤအကျိုးစီးပွားများအား ကာကွယ်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် တရားဝင်အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များဖြင့် လျင်မြန်စွာတွေ့ဆုံကာ ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ရှာဖွေသင့်ပါသည်။

တရုတ်နိုင်ငံသည် ၎င်းနိုင်ငံခြားရေးဝန်ကြီး ဝမ်ယီမှ ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် အဆိုပြုခဲ့သည့် လမ်းညွှန်ချက်များအား ကိုယ်တိုင်လိုက်နာသင့်ပြီး ကုလသမဂ္ဂပဋိညာဥ်စာတမ်းပါ ရည်ရွယ်ချက်နှင့် မူဝါဒ များကိုလည်း အားလုံးက လိုက်နာရန် ဆောင်ရွက်သင့်ကြောင်း၊ စစ်တပ်မှ အကြမ်းဖက်နည်းဖြင့် အာဏာရယူရန်ကြိုးပမ်းနေမှုအား ထောက်ခံသည့် နိုင်ငံတိုင်းသည် ကုလသမဂ္ဂပဋိညာဥ်စာတမ်းပါ ရည်ရွယ်ချက်နှင့် မူဝါဒများကိုပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပြစ်တင်ရှုတ်ချသင့်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article