25 C
Yangon

မတူပီမှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က မိုင်တိုင် ၂၀ တွင် တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်ပြီး စစ်သား ၇ ဦး ထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၄

ချင်းပြည်နယ်၊ မတူပီမှ ပြန်လည်ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က မင်းတပ်-မတူပီလမ်း မိုင်တိုင် ၂၀ တွင် ယနေ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံးကြောင်း၊ တိုက်ပွဲပြင်းထန်ခဲ့ကာ သံချပ်ကာအမြှောက်ကားများ၊ မင်းတပ် ခလရ ၂၇၄ တပ်ရင်းမှ လက်နက်ကြီးပစ်ကူများ ပေးကြောင်း CDF မင်းတပ်ထံမှ သိရှိရသည်။

“ဒီနေ့ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီလောက်ထိ မင်းတပ်-မတူပီလမ်း မိုင်တိုင် ၂၀ မှာ တိုက်ပွဲဖြစ်တယ်၊ ဒီနေ့တိုက်ပွဲက ပြင်းထန်တယ်။ စကစက သံချပ်ကာ ယဉ်တွေနဲ့ ပစ်တယ်၊ မင်းတပ် ခလရ ၂၇၄ တပ်ရင်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ကျနော်တို့ ခြုံခိုပစ်ခတ်တဲ့အချိန်မှာ ၃ ယောက် ၄ ယောက်လောက် သေဆုံးတယ်ပေါ့နော်၊ မိုင်းထိလို့ ၄ ယောက်လောက် သေနိုင်တယ်၊ ဒီနေ့ဆို စုစုပေါင်း ၇ ယောက်လောက် သေမယ်၊ ဒဏ်ရာရတာတွေ များမယ်” ဟု CDF မင်းတပ် ပြောခွင့်ရ ကိုယောမန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

မတူပီမှာ ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က မိုင်တိုင် ၇၀ မှစတင်ကာ တောက်လျှောက် စောင့်ကြိုတိုက်ခိုက်လာခဲ့ကြောင်း သိရှိရပြီး ယနေ့တိုက်ပွဲတွင် CDF မင်းတပ်ဘက်မှ ထိခိုက်မှုမရှိကြောင်း၊ ယမန်နေ့ ၂၈ မိုင် တိုက်ပွဲတွင် ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း သိရှိရသည်။

အဆိုပါယာဉ်တန်းသည် မတူပီမှ စတင်ထွက်ခွာလာစဉ် CDF မတူပီတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး မိုင်တိုင် ၇၀ မှ စတင်ကာ CDF မင်းတပ်က တိုက်ခိုက်နေခြင်းဖြစ်သည်။

မိုင် ၁၀၀ ဝန်းကျင်ခန့်ကွာဝေးသော မတူပီ-မင်းတပ်လမ်းအတိုင်း ဖြတ်သန်းလာသော စစ်ကောင်စီယာဉ်တန်းသည် မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရမှုများကြောင့် ယနေ့ ၁၂ ရက်အကြာတွင် မိုင် ၈၀ ခန့်သာ ရောက်ရှိနေခြင်းဖြစ်သည်။

ဓါတ်ပုံ – မတူပီမှ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်း (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article