25 C
Yangon

စစ်အာဏာရှင်ကို ချေမှုန်းနိုင်ရေး တိုင်းရင်းသားများအားလုံးလက်တွဲကြပြီး NUG အစိုးရနှင့် ဝန်းရံလက်တွဲသွားကြရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ တိုက်တွန်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်အာဏာရှင်စနစ်ကို “အမြစ်မှအစ အကိုင်းအခက်မကျန်” ချေမှုန်းနိုင်ရန် တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့များအားလုံး ပန်းတိုင်တစ်ခုအောက်တွင် အတူတကွလုပ်ဆောင်ကြရန်နှင့် NUG အမျိုးသားညီညွတ်ရေးအစိုးရ ကို ဝန်းရံကြရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းလိုက်သည်။

KIO ၏ ၆၁ နှစ်ပြည့်တော်လှန်ရေးနေ့ အထိမ်းအမှတ်မိန့်ခွန်းတွင် ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လက ထိုသို့ပြောကြားလိုက်ခြင်းဖြစ်ကြောင်း ကချင်သတင်းမီဒီယာများက သတင်းဖော်ပြသည်။

“တိုင်းရင်းသားအားလုံး လက်တွဲညီညာစွာနဲ့ တိုက်ပွဲဝင်မှသာ (အာဏာရှင်စနစ်) ကို တိုက်ခိုက်ချေမှုန်းနိုင်မှာဖြစ်တယ်။ ဒါတောင် အစွမ်းကုန်ကြိုးစားရမှာပါ။ တစ်ဦးနဲ့တစ်ဦး အထင်မကြီး၊ မယုံသင်္ကာဖြစ်ရင် အဆုံးမှာ အရှက်တကွဲအကျိုး နည်းဖြစ်မှာကို စိုးရိမ်ရတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအင်အားစုတွေအားလုံး ပန်းတိုင်တစ်ခုအောက်မှာ ‘အမြစ်ပြတ်’ ချေမှုန်းသွားကြရအောင်လို့ တိုက်တွန်းလိုတယ်” ဟု ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောဆိုကြောင်း The 74 သတင်းမီဒီယာက သတင်းဖော်ပြထားသည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန်နေရာဒေသအသီးသီးတွင် လက်နက်ကိုင်တော်လှန်နေသည့် အင်အားစုများအားလုံး NUG ၏ ဦးဆောင်မှုအောက်တွင် စုပေါင်းပါဝင်ကြရန်လည်း မိန့်ခွန်းတွင် တိုက်တွန်းထားသည်။

“ယနေ့အချိန်မှာ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ လူမျိုးကိုချစ်တဲ့စိတ်နဲ့ ရရာလက်နက်ကိုစွဲကိုင်ပြီး အာဏာရှင် စနစ်ကို တွန်းလှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အသီးသီးကို မှာကြားချင်တယ်။ အားလုံးဟာ သူရဲကောင်း ရဲဘော်ရဲဘက်တွေဖြစ်ကြပါတယ်။ ဝမ်းသာခွန်းအားရမိပါတယ်။ ဒါပေမဲ့ အားလုံးနာမည်အမျိုးမျိုးနဲ့ လုပ်နေတာမျိုး မဖြစ်သင့်ပါဘူး။ အာဏာရှင်စနစ်ကို တိုက်ခိုက်ချေမှုန်းနေတဲ့အဖွဲ့အစည်းအားလုံးဟာ NUG အစိုးရနဲ့အတူ လက်တွဲပြီး လုပ်ဆောင်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် ရေရှည်မှာ ပြဿနာတွေရှိလာနိုင်တာကို သတိချပ်ဖို့လိုတယ်” ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ လက်ထက် ပင်လုံညီလာခံသည် အလုပ်မဖြစ်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုမှုများကို ပြန်ပြောင်းပြောပြသွားကြောင်း သိရှိရသည်။

“၂၁ ရာစုပင်လုံအစည်းအဝေးတက်ရောက်ခဲ့သလို အဆိုပါအစည်းအဝေးမှာ UNFC အနေဖြင့် ပင်လုံကတိ ကဝတ်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုတည်ထောင်ဖို့ တိုက်တွန်းတောင်းဆိုခဲ့တယ်။ (ဒီလိုတောင်းဆိုပေမယ့်) ပင်လုံစာချုပ်ဟာပြည့်စုံမှုမရှိဘဲ အားလုံးပါဝင်မှုမရှိတဲ့အပြင် အနှစ်သာရမပြည့်စုံလိုပ အသုံးမဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး “တိုင်းရင်းသားများ ကိုယ်ဘာတောင်းရမလဲ ဆိုတာထက် ကိုယ်ဘာပေးနိုင်မလဲဆိုတာ စဉ်းစားပါ” လို့ အာဏာရှင်ဆန်ဆန် ချိုးနှိမ်ပြောဆိုတာကို ခံခဲ့ရတယ်။ ၂၁ ရာစုပင်လုံညီလာခံကို နှစ်ကြိမ်သုံးကြိမ်ကျင်းပခဲ့ပေမယ့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေ တင်ပြတဲ့အကြောင်းအရာတွေကို လုံးဝလက်မခံဘဲ လူမျိုးကြီးဝါဒကိုင်စွဲထားတဲ့ အစိုးရနဲ့စစ်တပ်ရဲ့ တင်ပြချက်တွေကိုပဲ ဆွေး နွေးခဲ့ကြတဲ့အတွက် နောက်ဆုံးမှာ ၂၁ ရာစုပင်လုံအစည်းအဝေးဟာ အကျပ် အတည်းတွေနဲ့ ရပ်တန့်ခဲ့ရတယ်” ဟုဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောဆိုကြောင်း သိရှိရသည်။

လက်ရှိ တိုင်းရင်းသားဒေသများတွင် စားသောက်ရိက္ခာများဖုံလုံအောင် ထုတ် လုပ်ရန်၊ နိုင်ငံရေးအကျပ်အတည်းဆိုက် ရှုပ်ထွေးနေမှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးစီးပွားရှာသည့် လုပ်ရပ်များကို ရှောင်ရှားရန်၊ ကိုယ်ကျိုးအကျိုးစီးပွားအတွက် နိုင်ငံရေးအမြတ်ထုတ်ခြင်းများကို ရှောင်းရှားရန်လည်း ပါရှိပါသည်။

ကိုးကား-The 74 Media

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article