ရန်ကုန်၊ ဖေဖော်ဝါရီ ၅
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ပေါ်တွင် နာမည်ကျော် ပရဟိတသမား We Love Kyuakse ဦးဆောင်သူ ကိုဖြိုးသီဟဇင်နှင့် NLD ပါတီထောက်ခံသူ လူငယ် တစ်ဦးကို အကြမ်းဖက်စစ်တပ်က ယမန်နေ့ ည ၁၁ နာရီအချိန်တွင် နေအိမ်များသို့ ဝင်ရောက်ဖမ်းဆီးပြီး သတ်ဖြတ်ကာ ယနေ့ နံနက်ပိုင်းတွင် မြို့ရှောင်လမ်းတွင် အလောင်း ၂ ခုကို စွန့်ပစ်ထားခဲ့ကြောင်း ကျောက်ဆည်ဒေသခံများက ပြောသည်။
“မနေ့ညက စစ်တပ်က ကိုဖြိုးသီဟဇင်ရဲ့ အိမ်ဝင်စီးတယ်။ သူက ခံဝန်နဲ့ ပြန်လာပြီးနေတာ။ အေးအေး ဆေးဆေးနေတယ်။ ပရဟိတသမား။ လူပျိုလူလွတ် ။ အင်မတန်မှ သနားကြင်နာတတ်သူ။ သစ်ပင်တွေစိုက်သူ။ We Love Kyaukse ဦးဆောင်သူ။ ကျောက်ဆည်မှာ တံတားတစ်စင်း မကောင်းတာ သူကိုယ်တိုင်အလှူခံပြီး မနှစ်က ခင်းထားသေးတယ်။ အဲဒီလိုလူမျိုးကို ဖမ်းပြီး လုပ်ရက်တာ။ နောက်ပြီး အရင်အုပ်ကြီးဟောင်း ရဲ့ သား NLD ပါတီထောက်ခံသူလည်း မနေ့ညက အဖမ်းခံရပြီးအသတ်ခံရတယ်။ ကိုဖြိုးနဲ့ အဲဒီလူငယ် နှစ်ဦးအလောင်းကို မြို့ရှောင်လမ်းမှာ လာပစ်ထားတယ်။ ည၁၁ နာရီမှာ လာဖမ်းပြီး သေနတ်နဲ့ပစ်တယ်။ လက်တွေကိုဓားနဲ့ခုတ်ထားတယ်” ဟု ကျောက်ဆည်ဒေသခံတစ်ဦးက ပြောသည်။
အကြမ်းဖက် စစ်တပ်က ယမန်နေ့ညပိုင်းက အမျိုးသမီးငယ်တစ်ဦးကိုလည်း ဖမ်းဆီးပြီး ကားပေါ်တွင် ထိုးကြိတ် ရိုက်နှက်ကြောင်း၊ အမျိုးသမီးငယ်က အလစ်တွင် ထွက်ပြေးလာသဖြင့် ဒဏ်ရာများဖြင့် လွတ်မြောက် လာကြောင်း သိရှိရသည်။
ကိုဖြိုးသီဟဇင်၏ နာရေးကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြုလုပ်မည်ဖြစ် ကြောင်း သိရှိရသည်။