25 C
Yangon

အင်္ဂပူ ဒုရဲမှူး ညွှန့်လှိုင်က ပြည်သူကို စစ်တပ်ဆန့်ကျင်သူဟု ဖမ်းဆီးငွေတောင်း၊ ပြည်သူ ၈ ဦးထံမှ ငွေကျပ် သိန်း ၂၀၀ ကျော် ခြိမ်းခြောက်ယူ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒုရဲမှူးညွှန့်လှိုင်(ရဲ-၇၁၂၈) သည် ညစဉ်ညတိုင်း ပြည်သူများကို စစ်တပ်ဆန့်ကျင်သူများဟု အမည်တပ် ဖမ်းဆီးကာ ခြိမ်းခြောက်ငွေကြေးတောင်းယူမှုများ ဆိုးဝါးစွာ ကျူးလွန်လျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဟင်္သတာမြို့နယ်၊ အမှတ် ၁ မြို့မ ရဲစခန်းမှူး ဒုရဲမှူး ညွှန့်လှိုင်သည် ယမန်နှစ် ဧပြီလ ၂၅ ရက်နေ့တွင် အင်္ဂပူမြို့မ ရဲစခန်းမှူးအဖြစ် ပြောင်းရွှေ့လာကြောင်း၊ ၎င်းပြောင်းရွှေ့လာပြီးနောက် အင်္ဂပူမြို့နယ်တွင် ညတိုင်း ဧည့်စာရင်း စစ်ခြင်းနှင့် ဖုန်းများကို ယူဆောင်စစ်ဆေးခြင်းများကိုလုပ်ဆောင်ကြောင်း၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ အင်္ဂပူမြို့မှ စတိုးဆိုင်ပိုင်ရှင် ဒေါ်ဥမ္မာမြင့်ထံမှ ဖုန်းအတွင်း စစ်တပ် ဆန့်ကျင်ရေး စာများ ဖေ့ဘုတ်တွင် ရှယ်ထားသည်ဟုဆိုကာ ဖမ်းဆီးကြောင်း၊ ငွေကျပ် ၃၅ သိန်း ပေးလျှင် အမှုပိတ်ပြီး ပြန်လွှတ်မည်ဖြစ်ကြောင်း ငွေတောင်းသဖြင့် အင်္ဂပူမြို့နယ် အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှသိန်းထံမှတစ်ဆင့် ငွေကျပ် ၃၅ သိန်း ပေးလိုက်ရပြီး ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။

အလားတူ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင်လည်း အင်္ဂပူမြို့နယ်၊ ကံဘက်အုပ်စု၊ ကညင်ဆိပ်ကျေးရွာမှ စျေးသည် ဦးစိန်ကြိုင်ကို ဖမ်းဆီးပြီး စစ်တပ်ဆန့်ကျင်ရေး စာသားများ ဖုန်းအတွင်း တွေ့ရှိသည်ဆိုကာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်မည်ဖြစ်ကြောင်း၊ အမှုဖွင့်မခံလိုပါက ငွေကျပ် ၁၀ သိန်း ပေးရမည်ဟုတောင်းသဖြင့် နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ရဲစခန်းအတွင်းတွင်ပင် ငွေကျပ် ၁၀ သိန်းပေးရပြီး ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း သိရှိရသည်။

ဒုရဲမှူးညွှန့်လှိုင်သည် အင်္ဂပူမြို့နယ်တွင် ညတိုင်း မီးဖြတ်ပြီး ငွေကြေးချမ်းသာသူများ၏ နေအိမ်များကို ဝင်ရောက်စီးနင်းပြီး ဖုန်းအတွင်း စစ်တပ် ဆန့်ကျင်ရေး စာသားများ ရှယ်ထားသည်၊ Like လုပ်ထားသည်ဟုဆိုကာ ငွေကြေး တောင်းခံနေကြောင်း၊ စစ်တပ်ထောက်ခံသူများကိုယ်တိုင် ဒုရဲမှူးညွှန့်လှိုင်၏ ဓားပြတိုက်သည့်ပုံစံလုပ်ရပ်များကို စစ်ကောင်စီထံ တိုင်ကြားလာသော်လည်း စစ်တပ်က အရေးယူခြင်းမရှိကြောင်း သိရှိရသည်။

ဒုရဲမှူး ညွှန့်လှိုင်၏ ဖမ်းဆီး ခြိမ်းခြောက် ငွေကြေးတောင်းခံမှု ခံခဲ့ရသော ပြည်သူများမှာ ဒေါ်ဥမ္မာမြင့် ငွေကျပ် ၃၅ သိန်း၊ ဦးလွင်ကျော်စိုး ၄၅ သိန်း၊ ဦးမြင့်ဌေး ငွေကျပ် ၂၅ သိန်း၊ ဒေါ်ကေခိုင်စိုး သိန်း ၃၀ ၊ ဒေါ်သီတာအေး သိန်း ၃၀ ၊ ဦးကြည်သိန်း ၁၅ သိန်း ၊ ဇင်ဇင်စတိုး ၂၅ သိန်း ၊ ဦးစိန်ကြိုင် ၁၀ သိန်း ဖြစ်ကြောင်း သိရှိရသည်။

“ဒုရဲမှူး ညွှန့်လှိုင်ကတော့ အထက်ကို ပိုင်တာလားတော့မသိဘူး။ အခုက စစ်တပ်ထောက်ခံသူတွေပါ သူ့ကို ၀ိုင်းတိုင်တာတောင်မပြုတ်ဘူး။ မဘသတွေတောင် မကြိုက်လို့ တိုင်ပေမယ့် ဖြုတ်မရဘူး။ သူအနိုင်ကျင့်သမျှခံနေရကြရတယ်။ မြို့မှာ သူ့ပဲ ကြောက်နေရတယ်” ဟု အင်္ဂမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article