33 C
Yangon

ထိရောက်စွာ အရေးယူရန် လိုအပ်နေသည့် စစ်လက်နက် ပွဲစားများ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၂။

အကြမ်းဖက်စစ်တပ်အတွက် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိ စစ်လက်နက်တွေနဲ့ စစ်ဘက်ပစ္စည်း ဝယ်ယူမှုများစွာမှာ ပြည်တွင်းကုမ္ပဏီ သုံးခုက ပါဝင်ပတ်သက်နေပါတယ်။လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ အဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar ထံ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ အဆိုပါ ကုမ္ပဏီ ၃ ခုမှာ International Gateways Group of Companies Limited (IGG)၊ Myanmar Consultancy Company Limited နဲ့ Myanmar New Era Trading Company တို့ဖြစ်ပြီး သက်သေအထောက်အထားတွေနဲ့ ဖော်ပြထားတယ်လို့ဆိုပါတယ်။ဒီပေါက်ကြားလာတဲ့ စာရွက်စာတမ်း တစ်ခုထဲမှာ IGG ရဲ့ ကုမ္ပဏီခွဲ Gateways Hongkong Company Limited ကို (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ်အတွင်း မြန်မာ့လေတပ်အတွက် အမေရိကန်ဒေါ်လာ ၈ သန်းတန်ဖိုးရှိ လေယာဉ်စက်ပစ္စည်းတွေ ပေးသွင်းဖို့ အနည်းဆုံး စာချုပ် ၁၂ ခုကို ပေးအပ်ခဲ့ကြောင်း ဖော်ပြထားတယ်လို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတစ်ခုမှာတော့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၃.၇ သန်းကျော် တန်ဖိုးရှိ လေယာဉ်တွေအတွက် စက်ပစ္စည်း အစိတ်အပိုင်းတွေနဲ့ စစ်သင်္ဘောတွေအတွက် စစ်လက်နက်တွေကို ကုမ္ပဏီတစ်ခုတည်းက ဝယ်ယူမှု ၅ ကြိမ် အသေးစိတ်အချက် အလက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။အဆိုပါ စစ်တပ်ဆက်နွယ်တဲ့ အဓိကကုမ္ပဏီတွေရဲ့ ဒါရိုက်တာတွေနဲ့ ရှယ်ယာရှင်နေရတွေမှာ လူပုဂ္ဂိုလ် (၁၈) ဦးကို ဖော်ပြထားပြီး ဒီထဲက ၄ ဦးမှာ မိသားစုဝင်တွေပဲဖြစ်ပါတယ်။ ၎င်းတို့တစ်ဦးချင်းစီကတော့ စင်ကာပူနိုင်ငံမှာ ကုမ္ပဏီခွဲတွေ ဖွင့်လှစ်ထားရှိပါတယ်။၎င်းတို့ထဲက ဒေါက်တာနိုင်ထွဋ်အောင် ဆိုသူဟာ မြန်မာ့စစ်လက်နက် ကုန်သွယ်မှုမှာ အဓိကပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ပစ္စည်းပေးသွင်းသူတွေ အထူးသဖြင့် တရုတ်နိုင်ငံရှိပစ္စည်းပေးသွင်းသူတွေနဲ့ မြန်မာ့လေတပ်၊ မြန်မာ့ရေတပ်တို့ အကြား အကျိုးဆောင်ပေးနေတာပါ။ သူဟာ လက်ရှိအာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် အကြမ်းဖက်စစ်တပ်မှ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ကုန်ပစ္စည်းတင်ပို့မှုအချက်အလက်အစုအစည်းဖြစ်တဲ့ ImportGenius ရဲ့ မှတ်တမ်းတွေအရ ထင်ရှားတဲ့ အခြားကုမ္ပဏီတစ်ခုဖြစ်တဲ့ Myanmar Consultancy Company Limited မှာ စစ်အာဏာ သိမ်းကြိုးပမ်းမှု နောက်ပိုင်း မြန်မာစစ်တပ်အတွက် စက်ပစ္စည်းအစိတ်အပိုင်းတွေ တင်သွင်း ပေးခဲ့ပါတယ်။ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အခုဖေဖော်ဝါရီ ၁ ရက်နေ့ဆိုရင် မြန်မာစစ်တပ်က သွေးထွက်သံယို စစ်အာဏာသိမ်းကြိုးပမ်းမှု လုပ်ဆောင်ခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ၊ အဲဒီတစ်နှစ်တာကာလမှာ မြန်မာစစ်တပ်က လက်နက်မဲ့အရပ်သားပြည်သူ (၁,၅၀၀)ကျော်ကို သတ်ဖြတ် ခဲ့ပြီး (၁၁,၀၀၀) ကျော် ကို ဖမ်းဆီးထားပါတယ်။ စစ်ကောင်စီက အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်တာ၊ ဗုံးကြဲတာ၊ အတင်းအဓမ္မရွှေ့ပြောင်းခိုင်းတာ၊ မုဒိန်းကျင့်တာတွေ စတဲ့ သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ဆက်ပြီးကျူးလွန်နေတုန်းပါပဲ”။“UNHCR ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အရပ်သားပြည်သူ (၄၀၀,၀၀၀)ကျော် ကို အတင်းအဓမ္မဖိအားပေး ရွှေ့ပြောင်းစေခဲ့ပြီးပါပြီ။ စစ်ကောင်စီက ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ တွေကို နှောက်ယှက်ဖျက်ဆီးတာ ဟန့်တားပိတ်ပင်တာတွေလုပ်ခဲ့ပြီး ကျန်းမာရေးနဲ့ ကူညီထောက်ပံ့ ရေးဝန်ထမ်းတွေကို တိုက်ခိုက်နေပါတယ်။” လို့ဆိုပါတယ်။ဒီလိုရာဇဝတ်မှုတွေကို International Gateways Group နဲ့ Myanmar Consultancy Company တို့ လို လက်နက်ပွဲစားကုမ္ပဏီတွေက အားပေးကူညီနေတာဖြစ်ပြီး ကမ္ဘာတဝှမ်းက အစိုးရတွေအနေနဲ့ စစ်တပ်က မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေမှာ ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေတဲ့ အဆိုပါကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီးလုပ်ဆောင်ဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။ဒါ့အပြင် စင်ကာပူဟာ နာမည်ကြီး လက်နက်ပွဲစားတွေကို သူ့နိုင်ငံမှာ အသုံးချခွင့် ပေးထားတာကြောင့် စင်ကာပူအနေနဲ့ မြန်မာစစ်တပ် ဝယ်ယူမှု တွေအတွက် အခရာကျတဲ့ ၎င်းရဲ့ အခန်းကဏ္ဍကို မဖြစ်မနေ ရပ်တန့်ရမယ်လို့လည်း JFM က ဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article