35 C
Yangon

တာဝန်မဲ့စွာ ကိုယ်လွတ်ရုန်း ထွက်ခွာရန် ကြံစည်နေသည့် တယ်လီနောကို တရားစွဲလိုက်သော မြန်မာနိုင်ငံသား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၂။

နော်ဝေးအခြေစိုက် တယ်လီကွန်းကုမ္ပဏီ ကြီးဖြစ်သည့် တယ်လီနောသည် မြန်မာနိုင်ငံကို စွန့်ခွာသွားတော့မည် ဖြစ်သည်။ ယင်းသို့ထွက်ခွာသွားလျှင် ၎င်းတို့၏ သတင်းအချက်အလက်များ ပေါက်ကြားမည့် အန္တရာယ်နှင့် လွတ်လပ်ခွင့်များ ဆုံးရှုံးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။ မြန်မာနိုင်ငံရှိ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအတွက်မူ တယ်လီဖုန်းဆက်သွယ်မှု မှတ်တမ်းများသည် ကြော်ငြာသင်ပုန်းပေါ်ရှိ သံသယရှိသူစာရင်းကဲ့သို့ပင် ၎င်းတို့အားလုံးကို တစ်စုတစ်ဝေးတည်း စုပေးထားသကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ဆက်သွယ်ပြောဆိုမှုများသည် အာဏာသိမ်း စစ်တပ်၏ စောင့်ကြည့် ခြေရာခံခြင်း မခံရမှသာလျှင် ဘေးကင်းလုံခြုံမည်ဟု ယုံကြည်ကြသည်။ ယခုအချိန်တွင် ဆက်သွယ်ပြောဆိုမှုများနှင့် တယ်လီဖုန်းခေါ်ဆိုမှု မှတ်တမ်းများသည် အန္တရာယ်ရှိသည့် အခြေအနေတွင် ဆိုက်ရောက်နေပြီဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။အခြားသော တယ်လီကွန်းကုမ္ပဏီများကဲ့သို့ပင် မြန်မာနိုင်ငံရှိ အော်ပရေတာ ကုမ္ပဏီကြီး လေးခုသည်လည်း မည်သူက မည်သူ့ကို မည်သည့်အချိန်တွင် အချိန်မည်မျှကြာကြာ ခေါ်ဆိုသည် အစရှိသည့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှု မှတ်တမ်းများကို သိမ်းဆည်းထားပါသည်။ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သည့် “ကိုကျော်” (အမည်လွှဲ) သည် တိုင်းပြည် အာဏာသိမ်းခံလိုက်ရပြီးသည့်တိုင် ၎င်း၏ တယ်လီဖုန်းဆက်သွယ်မှု မှတ်တမ်းများနှင့် ပတ်သက်ပြီး အထူးစိုးရိမ်ခဲ့ခြင်းမရှိခဲ့ပေ။ စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းခံရမည်စိုးသဖြင့် ၎င်း၏အမည်ရင်းကို ထုတ်ဖော်မပြောရန် မေတ္တာရပ်ခံခဲ့သော ဒီမိုကရေစီဘက်တော်သားသည် တယ်လီနောဆင်းကဒ်ကို အသုံးပြုနေသဖြင့် ၎င်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ လုံခြုံသည်ဟု ယူဆထားသည်။ အကြောင်းမှာ တယ်လီနောကုမ္ပဏီသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားသော တိုင်းပြည်ဖြစ်သည့် နော်ဝေးနိုင်ငံတွင် အခြေစိုက်သည့် နိုင်ငံတကာ ကုမ္ပဏီကြီးတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် အဆိုပါလုံခြုံရေး အာမခံချက်သည် ဇူလိုင်လတွင် အစိတ်စိတ်အမြွာမြွှာ ကွဲကြေသွားခဲ့ရသည်။ အကြောင်းကား မြန်မာပြည်၏ ဒုတိယအကြီးဆုံး တယ်လီကွန်း စီးပွားရေးလုပ်ငန်းစုကြီးသည် ကုမ္ပဏီ၏ ပိုင်ဆိုင်မှု ၁၀၀% လုံးကို လက်ဘနွန်အခြေစိုက် M 1 လုပ်ငန်းစုထံသို့ ရောင်းချပြီး မြန်မာပြည်မှ အပြီးတိုင်ထွက်သွားတော့မည် ဖြစ်ကြောင်း ကြေငြာခဲ့၍ ဖြစ်သည်။ ထို့နောက်ပိုင်း ခုနစ်လ လုံးလုံးတွင် တယ်လီနော်ကုမ္ပဏီသည် မြန်မာပြည်၏ တစ်နေ့တစ်ခြား ဆိုးရွားယုတ်လျော့လာနေသော လုံခြုံရေးအခြေအနေနှင့် စစ်တပ်မှ ၎င်း၏ကွန်ယက်များတွင် စောင့်ကြည့်ရေးစနစ်များ တပ်ဆင်ရန် ဖိအားပေးခြင်းတို့မှ လွတ်မြောက်ရေးလမ်းစကိုသာ ရှာဖွေနေခဲ့သည်။ သို့သော် အခြားနိုင်ငံတကာ ကုမ္ပဏီများကဲ့သို့ပင် တယ်လီနောမှ မြန်မာပြည်မှ စွန့်ခွာရန် ဆုံးဖြတ်လိုက်သည့် သတင်းသည် ကိုကျော်ကဲ့သို့သော မိမိတို့၏ တယ်လီဖုန်းဆက်သွယ်ရေး မှတ်တမ်းများအားလုံး စစ်တပ်လက်သို့ ၀ ကွက် အပ်လိုက်ရမည်ကို စိုးရိမ်နေကြသည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအတွက် အကြောက်တရားကို တွန်းတင်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။ တက်ကြွလှုပ်ရှားသူများအနေဖြင့် ယခုအခြေအနေမျိုး ဆိုက်ရောက် မလာစေရန် အပူတပြင်း အားထုတ်နေခဲ့ကြပြီး ဖြစ်သည်။ မြန်မာနိုင်ငံမှ အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း ၄၇၀ ကျော်မှလည်း တယ်လီနောကုမ္ပဏီ ရောင်းချမည့်အစီအစဉ်ကို ကန့်ကွက်သည့်စာကို ဇူလိုင်လတွင် ပေးပို့ခဲ့သည်။ အဆိုပါလတွင်ပင် ကိုကျော်မှ ၎င်း၏တယ်လီဖုန်းဆက်သွယ်ရေးနှင့် ပတ်သက်သည့် မှတ်တမ်းများကို ဖျက်ပစ်ပေးရန် တယ်လီနော ကုမ္ပဏီထံသို့ စာရေးသား ပေးပို့ခဲ့သည်။ ဥရောပသမဂ္ဂ EU ၏ ကိုယ်ရေးကိုယ်တာကိစ္စများ လျို့ဝှက်ထားရေးဥပဒေ (GDPR) ကို လိုက်နာရမည့် နော်ဝေးကုမ္ပဏီဖြစ်သော တယ်လီနောအနေဖြင့် ၎င်း၏စာကို အရေးထားမည်ဟု ကိုကျော်မှ ယုံကြည်သည်။ သို့သော် WIRED မှ မြင်တွေ့ခဲ့ရသော တယ်လီနော ကုမ္ပဏီမှ ပြန်ကြားစာတွင် GDPR သည် “တယ်လီနော မြန်မာနှင့် သက်ဆိုင်ခြင်းမရှိ” ဟု ဖော်ပြပါရှိသဖြင့် ကိုကျော်အနေဖြင့် များစွာစိတ်ပျက်ခဲ့ရသည်။ “ကျွန်တော်တို့ သူတို့ကို ပိုက်ဆံပေးရတာပဲလေ၊ ဥရောပက လူတွေပေးသလို ပေးနေတာပဲလေ၊ ဒါပေမယ့် တုန့်ပြန်မှုက အရမ်းကွာတယ်” ဟု သူကပြောသည်။ကိုကျော်၏ အရေးကိစ္စတွင် ပါဝင်ကူညီပေးနေသော ဒတ်ချ်အခြေစိုက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှုများကို လေ့လာဆန်းစစ်နေသည့် အဖွဲ့ဖြစ်သည့် SOMO မှ အကြီးတန်း သုတေသီဖြစ်သူ Joseph Wilde-Ramsing ကမူ “စိုးရိမ်စရာက ဘာလဲဆိုတော့ တကယ်လို့များ စစ်တပ်က အဲဒီအချက်အလက်တွေကို ထိန်းချုပ်နိုင်သွားပြီဆိုရင် သူတို့အနေနဲ့ ကွန်ယက်တွေရဲ့ မူလချိတ်ဆက်မှုတွေကို ဖော်ထုတ်နိုင်သွားမှာကိုပဲ”။ “သူတို့က တစ်ယောက်ယောက်ကို ဖမ်းမိတာနဲ့ အဲဒီလူရဲ့ ဖုန်းနံပါတ်ကိုရမယ်၊ ပြီးရင် အဲဒီနံပါတ်က ဘယ်သူတွေနဲ့ အဆက်အသွယ် လုပ်ထားသလဲ ဆိုတာကိုမြင်သွားမယ်၊ နောက်တစ်ဆင့်အနေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ၊ ကွန်ယက်ထဲက အခြားအဆက်အသွယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဆက်ဖော်ထုတ်မယ်၊ ပြီးရင် ဒီအချက်အလက်တွေနဲ့ လူတွေကို ဖမ်းဖို့အသုံးပြုမယ်”ယခုအပတ်ထဲတွင်ကား ကိုကျော်မှာ အခြားနည်းလမ်းအသစ်တစ်ခုကို ကြိုးပမ်းလျက် ရှိသည်။ ၎င်းက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တယ်လီနောမြန်မာသည် နော်ဝေအစိုးရလက်အောက်ခံ ကုမ္ပဏီတစ်ခုအနေဖြင့် လိုက်နာရမည့် GDPR ကို ချိုးဖောက်သောကြောင့် အရေးယူပေးပါရန် တရားစွဲဆိုမှု တစ်ရပ်ပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။ နော်ဝေနိုင်ငံ အချက်အလက်ကာကွယ်ရေး အာဏာပိုင်များထံ ပေးပို့လိုက်သည့် အဆိုပါတိုင်ကြားစာတွင် မြန်မာပြည်မှ တတ်နိုင်သမျှ မြန်မြန် ထွက်ခွာသွားရန်နှင့် စစ်တပ်မှ ၎င်းတို့၏ အချက်အလက်များကို အသုံးပြုကာ ၎င်းတို့ကို ခြေရာခံ ဖမ်းဆီးဖော်ထုတ်မည်ဟု ယုံကြည်နေသည့် တယ်လီနော၏ ဝန်ဆောင်မှုနှင့် အသုံးပြုသူများအကြား ပိတ်မိနေသော တယ်လီကွန်း ကုမ္ပဏီကြီး၏ အခြေအနေကို အသားပေးဖော်ပြထားသည်။ “တယ်လီနောက ထွက်သွားချင်တယ်လို့ ကျွန်မတို့ နားလည်ပါတယ်” ဟု အမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသော အော်စလိုမြို့ရှိ SANDS ဥပဒေအကြံပေးအဖွဲ့၏ မိတ်ဖက်တစ်ဦးဖြစ်သူ Ketil Sellæg Ramberg မှ ပြောသည်။ “ကျွန်မတို့ စိတ်ပူတာက သူတို့အနေနဲ့ သူတို့ရဲ့ ဝန်ဆောင်မှုကိုအသုံးပြုသူ ၁၈သန်း ၁၉ သန်းလောက်ရဲ့ အချက်အလက်တွေကို ဘေးအန္တရာယ် တစ်စုံတစ်ရာ မကျရောက်နိုင်အောင် မစီမံဘဲ ဒီနိုင်ငံကနေ ထွက်သွားမှာကိုပဲ” ။ တယ်လီနော၏ ပြောခွင့်ရ David Fidjeland မှ “တယ်လီဖုန်း ဝန်ဆောင်တွေ ပတ်သက်တဲ့ ဘယ်လိုအချက်အလက်မျိုးကိုမှ နော်ဝေ ဒါမှမဟုတ် ဥရောပသမဂ္ဂက မကိုယ်တွယ်ပါဘူး၊ GDPR ဆိုတာကလည်း မြန်မာပြည်က တယ်လီနော အသုံးပြုသူတွေရဲ့ အချက်အလက် ကိုယ်တွယ်ရေးကိစ္စတွေမှာ အကျုံးမဝင်ပါဘူး” ဟုဆိုထားသည်။ “မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ပြည်တွင်းက ဥပဒေတွေကတစ်ဖက်၊ အခြားတစ်ဖက်မှာက ကျွန်တော်တို့ရဲ့ စံနှုန်းတွေရယ်နဲ့ နိုင်ငံတကာဥပဒေတွေ၊ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေရယ်ကတစ်ဖက် ကြားမှာ ဗျာများနေရတယ်” ဟု Fidjeland မှာဆိုထားသည်။ ထို့အပြင်၎င်းက တယ်လီနောသည် မြန်မာနိုင်ငံတွင် ဆက်လက် အလုပ်လုပ်ကိုင်နိုင်ရေးမှာ မဖြစ်နိုင်တော့ ဟုလည်း ထပ်လောင်းအတည်ပြုသည်။ ကုမ္ပဏီကို ရောင်းချမှုဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် လုပ်ငန်း ဆက်လက်လည်ပတ်နိုင်ရေးနဲ့ ဝန်ဆောင်မှု အသုံးပြုသူများ အနှောင့်အယှက်ဖြစ်မှုကနေ ရှောင်လွှဲနိုင်ဖို့ တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှု မှတ်တမ်းများကို “လွှဲပြောင်းပေးရမည်” ဟု Fidjeland မှ WIRED ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောဆိုသည်။ တက်ကြွလှုပ်ရှားသူများ၏ အဓိကသံသယကတော့ တယ်လီနောကို လွှဲပြောင်းလက်ခံမည့် M 1 အုပ်စုသည် စစ်အုပ်စု၏ ဖိအားပေးမှုကို မလွန်ဆန်နိုင်သည့်အဆုံး စစ်အုပ်စု အလိုကျ လိုက်လျောလိုက်မည်ကိုပင် ဖြစ်ပေသည်။
======================
(နည်းပညာ မဂ္ဂဇင်းကြီးဖြစ်သည့် Wired တွင် ဖော်ပြထားသော Myanmar’s Fight for Democracy Is Now a Scrap Over Phone Records ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆို တင်ဆက်ထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article