29 C
Yangon

တာဝန်မဲ့ ထွက်ခွာမှုကြောင့် တရားစွဲဆိုသည်အထိ ဖြစ်လာပြီ ဖြစ်သော တယ်လီနောမြန်မာ ရောင်းချမှု

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက်။

သွေးထွက်သံယိုမှုများစွာ ဖြစ်ပေါ်ခဲ့သည့် မြန်မာပြည် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ပြီး တစ်နှစ်ပြည့်သည့် ကာလတိုင်အောင် စစ်အာဏာရှင်တို့သည် ၎င်းတို့ကို ကန့်ကွက်ဆန့်ကျင်သူများအား ရက်ရက်စက်စက် အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်နေဆဲပင် ဖြစ်သည်။ အခြားတဖက်တွင်လည်း နည်းပညာအသုံးပြု စုံစမ်းထောက်လှမ်းမှုများကြောင့် တော်လှန်ရေးရဲဘော်များ ဖမ်းဆီးခံရသည့် သတင်းများ မြင့်တက်လာနေချိန်တွင် တယ်လီနောမှ ၄င်း၏ ဆက်သွယ်ရေးလုပ်ငန်းကို M1 Group နှင့် စစ်တပ်ထိမ်းချုပ်ခံ ရွှေဗျိုင်းဖြူ ကုမ္ပဏီထံ ရောင်းချရန် ကြံစည်အားထုတ်မှုများသည် တယ်လီနော ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုနေသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများအား စိုးရိမ် ထိတ်လန့်မှုကို ဖြစ်ပေါ်လာစေသည်။တယ်လီနောကို တရားစွဲထားသော မြန်မာအမျိုးသားတစ်ဦးဖြစ်သည့် “ကိုကျော်” အနေဖြင့် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်များကို ကောင်းကောင်းကြီး သဘောပေါက်သည်။ “တကယ်လို့သာ အဲဒီ့တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှု အချက်အလက်တွေကို စစ်တပ်လက်ထဲ လွှဲပေးလိုက်ရင် ကျွန်တော်တို့အားလုံး အဖမ်းခံရမယ်၊ ညှင်းပန်းနှိပ်စက်ခံရမယ်၊ နောက်ဆုံး အသတ်ခံရလိမ့်မယ်” ဟု သူက ဆိုသည်။ ကိုကျော်အနေဖြင့် အဓိကစိုးရိမ်သောအချက်မှာ စစ်တပ်မှ ၎င်း၏တယ်လီဖုန်း အချက်အလက်များကို အသုံးပြုကာ မိသားစုဝင်များကို ဖမ်းဆီးပြီး သူ့ကို ပုန်းအောင်းနေသောနေရာမှ ထွက်လာရန် ဖိအားပေး စေခိုင်းမည်ကို ဖြစ်သည်။ ပြည်တွင်းမှ ထွက်ပေါ်လာသောသတင်းများအရ စစ်တပ်သည် မိသားစုဝင်များ၊ ကလေးငယ်များကိုပင် ဖမ်းဆီးကာ ၎င်းတို့၏ မိဘများကို ပုန်းအောင်းနေရာမှ ထွက်လာစေရန် ဖိအားပေး စေခိုင်းမှုများ ရှိနေကြောင်းလည်း သိရသည်။ သို့သော် အိမ်ရှင်တိုင်းပြည်(နော်ဝေ)မှ စာနာထောက်ထားသူတစ်ချို့ကမူ တယ်လီနော၏ အကြီးတန်းအရာရှိများသည် မြန်မာပြည်မှ ထွက်ခွာရန် ပိတ်ပင်ခံထားရပြီး ကုမ္ပဏီအနေဖြင့် ၎င်းတို့ဝန်ထမ်းများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးအပေါ် စိုးရိမ်မှုများ ရှိနေကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည့်အတွက် ကုမ္ပဏီ၏ ထွက်ခွာရေး ဆောင်ရွက်ချက်ကို ထောက်ခံအားပေးကြသည်။ကိုကျော်၏အမှုတွင် လိုက်ပါအကူအညီပေးနေသည့် SOMO မှ အကြီးတန်းသုတေသီဖြစ်သူ Joseph Wilde-Ramsing က “ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ အများကြီးပဲ တယ်လီနောသုံးစွဲသူတွေ ဖြစ်လာကြတယ်၊ ဘာလို့လဲဆိုတော့ တယ်လီနောဟာ ကျင့်ဝတ်သိက္ခာပိုင်းအရ နာမည်ကောင်းနဲ့ကျော်ကြားလို့ပါ။ သူတို့ရဲ့ အရောင်းမြှင့်တင်ရေး ဆောင်ပုဒ်တွေမှာ ဇောင်းပေးပြောတာတစ်ခုက ‘ကျွန်တော်တို့က နော်ဝေတွေပါ၊ ခင်ဗျားတို့ ကျွန်တော်တို့ကို ယုံကြည်လို့ရပါတယ်’ ဆိုတာမျိုးပါ” ဟု ပြောဆိုသည်။တယ်လီနောအနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးပြီးချင်း အင်တာနက်ဝန်ဆောင်မှုများကို ပိတ်ပစ်ရန်အတွက် အာဏာသိမ်းစစ်တပ်မှ ညွှန်ကြားချက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုရန် ကြိုးပမ်းချက်များကြောင့် ပြည်သူများ၏ ချီးကြူးထောပနာပြုမှုများ ရရှိခဲ့သော်လည်း အဆိုပါ ထုတ်ပြန်ချက်များသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရပ်တန့်သွားခဲ့သည်။ စစ်တပ်ဖက်မှလည်း တိုင်းပြည်ကို ထိန်းချုပ်လိုက်ပြီးသည့်အချိန်မှစ၍ တယ်လီဖုန်း ဆက်သွယ်မှု ကွန်ရက်များတွင် စောင့်ကြည့်ရေးစနစ်များ တပ်ဆင်ရန် နောက်ဆုံးနေ့ရက်ကို သတ်မှတ်ခြင်း အပါအဝင် ကုမ္ပဏီများအပေါ် ဖိအားပေးမှုများ ပိုမိုလုပ်ဆောင်လာခဲ့သည်။ ထို့အပြင် အင်တာနက် ဝန်ဆောင်မှုပေးသူများအား သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကို သုံးနှစ်အထိ ထိန်းသိမ်းထားပြီး စစ်တပ်မှ တောင်းသည့်အချိန်တွင် ထုတ်ပေးရန် ဖိအားပေးသော အချက်များ ပါဝင်သည့် ဆိုင်ဘာလုံခြုံရေး ဥပဒေကြမ်းကိုလည်း ထုတ်ပြန်ခဲ့သည်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် တယ်လီနော၏ အင်တာနက်ဝက်ဆိုက်တွင် ဖော်ပြခဲ့ပြီး ထိုအချိန်ကတည်းက ဖြုတ်ချလိုက်သည့် ထုတ်ပြန်ချက်တစ်ခုတွင် ကြားဖြတ်ဖမ်းယူခြင်း နည်းပညာသည် “အင်တာနက် ဝန်ဆောင်မှုပေးသူများ၏ စနစ်အတွင်းသို့ အကြောင်းအရာ တစ်ခုချင်းအလိုက် ခွင့်ပြုချက်ရယူရန် မလိုဘဲ” အာဏာပိုင်များမှ တိုက်ရိုက်ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ ထို့ကြောင့် တယ်လီနောအနေဖြင့် အာဏာသိမ်းမှုကြောင့် ၄င်း၏စီးပွားရေး လုပ်ငန်းအပေါ်စိုးရိမ်မှုများ အချိန်တိုအတွင်း တိုးပွားလာခဲ့သည်။ ပြီးခဲ့သည့်နှစ် မေလတွင် ထုတ်ပြန်လိုက်သော တယ်လီနော၏ ထုတ်ပြန်ချက်တွင် ၎င်း၏ စုစုပေါင်း အမေရိကန် ၇၈၃ မီလီယံ ရှိခဲ့သော မြန်မာနိုင်ငံတွင်း လုပ်ငန်းလည်ပတ်မှုတန်ဖိုးသည် အာဏာသိမ်းပြီး မကြာမှီပင် ကုမ္ပဏီအား အမေရိကန် ဒေါ်လာ ၄၄၅ သန်း ဆုံးရှုံးသည်အထိ ဆွဲချသွားခဲ့ကြောင်း ဖော်ပြသည်။ သို့သော် တယ်လီနောအနေဖြင့် မြန်မာပြည်ကို စတင်ဝင်ရောက်ခဲ့သည့် ၂၀၁၄ ခုနှစ်မှ ၂၀၂၁ အထိ ၇ နှစ်အတွင်း အမြတ်ငွေအနေနှင့် ‌အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ ရရှိထားပြီး ဖြစ်သည်။တယ်လီနောအနေနှင့် ၎င်း၏လုပ်ငန်းကို M 1 အုပ်စုထံသို့ ရောင်းချမည်ဟု ကြေငြာလိုက်သည့် အချိန်တွင် စစ်တပ်အာဏာပိုင်တို့မှ အဆိုပါ ရောင်းချမှုဖြစ်စဉ်တွင် ပြည်တွင်းလုပ်ငန်းစုတစ်ခုကိုပါ ဝင်ရောက် ပူးပေါင်းစေလိုသည်ဟု ကောလာဟာလများလည်း ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ဇန်နဝါရီလအရောက်တွင်မူ စစ်အုပ်စုမှ တယ်လီနော၏လုပ်ငန်းကို M 1 အုပ်စုနှင့် အကျိုးတူလုပ်ကိုင်မည့် ရေနံနှင့် ကျောက်မျက် လုပ်ငန်း လုပ်ကိုင်နေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင် Investcom Myanmar ထံသို့ ရောင်းချရန် သဘောတူလိုက်ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ တက်ကြွလှုပ်ရှားသူများအားလုံးမှ အဆိုပါသတင်းသည် အဆိုးဆုံးဖြစ်လာမည့် အကြောက်တရားများအဖြစ် ရှုမြင်နေကြသည်။ Justice for Myanmar ၏ ပြောခွင့်ရဖြစ်သူ မရတနာမောင်က “ရွှေဗျိုင်းဖြူသည် မြန်မာစစ်တပ်နှင့် နီးကပ်သော ဆက်ဆံရေး ရာဇဝင်ရှိပြီး တယ်လီကွန်း ဆက်သွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အတွေ့အကြုံ မရှိကြောင်း” ပြောဆိုထားသည်။ ၎င်းက ရွှေဗျိုင်းဖြူ၏ ဥက္ကဌဖြစ်သူ သိန်းဝင်းဇော်သည် စစ်တပ်ပိုင် မိုင်တဲကုမ္ပဏီတွင် အစုရှယ်ယာပိုင်ဆိုင်သည့် မဟာရိုးမအများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦး ဖြစ်နေသည်ကိုလည်း ထောက်ပြထားသည်။ “တကယ်လို့သာ အရောင်းအဝယ် ဖြစ်သွားခဲ့လို့ရှိရင် တယ်လီနောမြန်မာနဲ့ သူ့ရဲ့ အချက်အလက်တွေအားလုံးဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပါလိမ့်မယ်” ပြောဆိုခဲ့သည်။အနာဂါတ်အတွက် စိုးရိမ်နေရသူများထဲတွင် တက်ကြွလှုပ်ရှားသူများသာမက တယ်လီနော၏ ဝန်ထမ်းများကိုယ်တိုင်လည်း ပါဝင်နေသည်။ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးကမူ တယ်လီနောလုပ်ငန်းသာ ရွှေဗျိုင်းဖြူအုပ်စုထံသို့ ရောင်းချမည်ဆိုသည့်သတင်းသာ မှန်ကန်ပါက ၎င်းအနေဖြင့် ကုမ္ပဏီမှ နှုတ်ထွက်တော့မည်ဟု ပြောလာသည်။ “ကျွန်တော် စစ်တပ်အတွက် အလုပ်မလုပ်ပေးနိုင်ပါဘူး၊ စစ်တပ်နဲ့ပတ်သက်တဲ့ ဘယ်ကုမ္ပဏီမျိုး၊ ဘယ်ပုဂ္ဂိုလ်မျိုး အတွက်မှ အလုပ်မလုပ်နိုင်ပါဘူး” ဟု ၎င်း၏ဆန္ဒကို ဖော်ထုတ်ပြောဆိုထားသည်။ “ကျွန်တော်က စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်၊ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုအသိပညာ၊ အတတ်ပညာ ဒါမှမဟုတ် လုပ်အားကို သူတို့ထဲက ဘယ်သူ့ကိုမှ မပေးနိုင်ပါဘူး” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
==========
ယခုဆောင်းပါး၏ ပထမပိုင်းဖြစ်သော “တာဝန်မဲ့စွာ ကိုယ်လွတ်ရုန်း ထွက်ခွာရန် ကြံစည်နေသည့် တယ်လီနောကို တရားစွဲလိုက်သော မြန်မာနိုင်ငံသား” ကို ဖတ်ရှုလိုပါက အောက်ဖော်ပြပါ လင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။https://www.facebook.com/385165108587508/posts/1421925871578088/?d=n(နည်းပညာ မဂ္ဂဇင်းကြီးဖြစ်သည့် Wired တွင် ဖော်ပြထားသော Myanmar’s Fight for Democracy Is Now a Scrap Over Phone Records ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆို တင်ဆက်ထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article