35 C
Yangon

မိုးကုတ်၊ ဂွေ့ပင်ရွာရှိ စစ်ကောင်စီစခန်းကို TNLA နှင့် ပူးပေါင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်နေ၊ ပင်လယ်ကြီးရွာရှိ စခန်းလည်း တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး၊ ရဲ ၁ ဦး သေဆုံး၊ အောင်ပန်းတွင်လည်း စည်ပင်ရုံး ဖောက်ခွဲခံရ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၄

မန္တလေးတိုင်း၊ မန္တလေး-မိုးကုတ် ကားလမ်းပေါ်ရှိ ဂွေ့ပင် (ဂွေးပင်) ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီစခန်းကို ယနေ့ ဖေဖေါ်ဝါရီလ ၁၄ ရက် နံနက်အစောပိုင်းမှ စတင်ကာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မိုးကုတ်မြို့ အနောက်ဘက် ၁၅ မိုင်ခန့်အကွာ ဂွေ့ပင်ကျေးရွာရှိ စစ်ကောင်စီစခန်းကို TNLA နှင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်နေပြီး ယနေ့နံနက် ၁၀ နာရီ ဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွားနေကာ ဒေသခံပြည်သူများ တိမ်းရှောင်နေရသလို မန္တလေး-မိုးကုတ်လမ်း နေရာအချို့တွင် လမ်းပိတ်ထားကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

တိုက်ပွဲအသေးစိတ်ကို ရန်ကုန်ခေတ်သစ်အနေဖြင့် ဆက်လက်စုံစမ်းနေပြီး နှစ်ဖက်ကျဆုံးမှုစာရင်းကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ပွဲဖြစ်ရာနေရာသို့ မိုးကုတ်ဘက်မှ စစ်ကောင်စီ တပ်ကူအများအပြား တက်ရောက်လာနေသဖြင့် အဆိုပါ ဒေသတဝိုက်အနီး ခရီးသွားလာခြင်း မပြုကြရန် ဒေသခံများက တိုက်တွန်းထားသည်။

ယနေ့နံနက်အစောပိုင်းတွင်လည်း မန္တလေး-မိုးကုတ်ကားလမ်း၊ စဥ့်ကူးမြို့နယ်၊ ပင်လယ်ကြီးကျေးရွာအနီး စစ်ကောင်စီတပ်စွဲထားသော စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး၊ ရဲ ၁ ဦးသေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ယမန်နေ့ ညနေပိုင်းတွင် အောင်ပန်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်ရုံးကို အောင်ပန်းမြို့ပြပြောက်ကျားတပ်စု UTS – Aung Ban နှင့် ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

Urban Task Force-Aung Banကို ဖေဖေါ်ဝါရီလ ၁၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး NUG ချမှတ်ထားသော မူဝါဒများနှင့်အညီ စစ်ကောင်စီကို တော်လှန်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – TNLA တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article