37 C
Yangon

ဟားခါးတွင် ဆယ်ကျော်သက် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးကို စစ်သင်တန်းတက်ထားသူများဟု စွပ်စွဲကာ စစ်ကောင်စီမှ ဖမ်းဆီးထား၊ ကံပေါက်တွင်လည်း ပရဟိတလူငယ် ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၄

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်စီးလာသော လူငယ်အမျိုးသား ၁ ဦးနှင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီး ၁ ဦးကို ချင်းအမျိုးသားတပ်မတော်ထံ သင်တန်းတက်ပြီး ပြန်လာခဲ့သူများဟု စွပ်စွဲကာ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ကတည်းက ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရှိရသည်။အသက် ၁၉ နှစ်အရွယ် မမြတ်မွန်သင်းနှင့် အသက် ၂၁ နှစ်အရွယ် မောင်ဆိုင်းရပ်စ်ငွန်မန်းတို့ ၂ ဦးသည် ထန်တလန်မြို့နယ်၊ အိုင်ဘူးရ်ကျေးရွာမှ ဟားခါးမြို့သို့ ဖေဖေါ်ဝါရီလ ၁၀ ရက်တွင် လာရောက်စဉ် စစ်ကောင်စီ၏ စွပ်စွဲဖမ်းဆီးခံထားရခြင်းဖြစ်သည်။”ကောင်မလေးက ရန်ကုန်က၊ သူ့မိသားစုတွေနဲ့ ရန်ကုန်မှာ နေတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သူက အိုင်ဘူးရ်ရွာကို ခဏ လာလည်တာပေါ့၊ ယောကျာ်းလေးကတော့ အိုင်ဘူးရ်ရွာသားပဲ။ အခု နိုင်ငံရေးအခြေအနေအရ ရန်ကုန်ပြန်ဖို့ ကားစင်းလုံးရပြီဆိုတော့ ကောင်မလေးက ရန်ကုန်ပြန်မှာမို့လို့ ဟားခါးကို ဆိုင်ကယ်နဲ့ ပြန်လိုက်ပို့တဲ့အချိန် အဖမ်းခံလိုက်ရတာ၊ ကောင်မလေးရဲ့ ဖုန်းထဲမှာ လက်နက်ကိုင်ဝတ်စုံတွေ့တယ်ဆိုပြီး ဖမ်းလိုက်တာ” ဟု ဒေသခံ ၁ ဦးက ဆိုသည်။အဆိုပါ လူငယ် ၂ ဦးသည် ချင်းတပ်ဖွဲ့များနှင့် ပတ်သက်ဆက်နွယ်သည့်သူများ မဟုတ်ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ အတည်ပြုသည်။”ကောင်လေးရဲ့ အဖေဆိုလည်း ပါစတာပဲ၊ သူတို့ မိသားစုတွေရဲ့ အခြေအနေတွေအရ လက်နက်ကိုင်တဲ့သူတွေနဲ့ ဆက်စပ်တဲ့ အခြေအနေမရှိဘူး။ ရွာမှာပဲ အေးဆေးနေတယ်၊ ကောင်မလေးဆိုလည်း ရန်ကုန်က လာလည်တဲ့သူဖြစ်တယ်။ အခုဆို သတင်းမီဒီယာအတုတွေမှာလည်း ရေးနေကြတဲ့အခါကျတော့ မိသားစုဝင်တွေက အရမ်းစိုးရိမ်နေတယ်၊ ဘာလုပ်ရမယ်မှန်း မသိကြဘူး” ဟု ၎င်းတို့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများမှ အဆိုပါ လူငယ် ၂ ဦးကို ချင်းတပ်ဖွဲ့များနှင့် ဆက်စပ်သည်ဟု အကျယ်တဝင့်ဖော်ပြနေကြပြီး လက်ရှိတွင် ဟားခါးတွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။အလားတူ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ရွာပရဟိတအသင်းမှ ကိုတိုးအောင်နှင့် ကိုနိုင်ဝေထွန်းတို့ ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖေဖေါ်ဝါရီလ ၁၁ ရက် ည ၁၁ နာရီတွင် လာရောက်ဖမ်းဆီးပြီး ကိုနိုင်ဝေထွန်းကို အာမခံဖြင့် နောက်ရက်တွင် ပြန်လွှတ်ပေးကာ ကိုတိုးအောင်ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။၎င်းတို့ ၂ ဦးသည် ဖေဖေါ်ဝါရီလ ၁၁ ရက်တွင် ကံပေါက်ဆေးရုံ၌ အိပ်နေစဉ် စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိတွင် ကိုတိုးအောင်ကို မောရဝတီရေတပ်စခန်းတွင် ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်း မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article