ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရေမျက်ကြီးအင်းတွင် တိုက်လေယာဉ်တစ်စင်း ယနေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန် ပျက်ကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“တိုက်လေယာဥ်တစ်စီး ရေမျက်ကြီးအင်းထဲ ပျက်ကျသွားတယ်။ ဒီမနက် ၁၁ နာရီလောက်က ပေါက်ကွဲသံ ၃ချက်ကြားလိုက်တယ် ပေါက်ကွဲသံလည်းကြား လိုက်ရတယ် အင်းအလယ်လောက်မှာမို့ ဝေးလို့ဘာမှမမြင်ရပေမယ့် နောက် ထပ်လေယဥ်တစ်စီးဝဲပြီးရှာနေတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။
စစ်ဘက်သတင်းရင်းမြစ်တချို့ကလည်း တိုက်လေယာဉ်တစ်စင်း ပျက်ကျမှု သတင်းများရရှိထားပြီး စက်ချို့ယွင်းမှုကြောင့် (သို့မဟုတ်) ပစ်ချခံရမှု ဆိုသည်ကို မသဲကွဲသေးကြောင်း ၊ ပျက်ကျသွားသည့် စစ်တိုက်လေယာဉ်မှာ Nanchang A-5C Fantan ဖြစ်ပြီး တရုတ်နိုင်ငံထုတ်ဖြစ်ကြောင်း ပြောဆိုကြသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် တိုက်လေယာဉ်ပျက်ကျခြင်း ရှိ၊ မရှိ သတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ အတည်ပြုရန် စစ်ကောင်စီသတင်းရပ်ကွက်များထံမှ ထပ်မံမေးမြန်းလျက်ရှိသည်။