28 C
Yangon

တောင်ကြီးဆေးတက္ကသိုလ်မှ ဆေးကျောင်းသားကို မိသားစုနှင့်အတူ ဖမ်းဆီးခံရ၊ နေပြည်တော်၊ နွားထိုးကြီးနှင့်ရေတာရှည်တို့တွင် ပြည်သူ ၅၈ ဦး အဖမ်းခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဆေးတက္ကသိုလ်(တောင်ကြီး)မှ ဒုတိယနှစ် ကျောင်းသား ”ကိုကောင်းချမ်းမြေ့သျှန် ” ကို မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နေအိမ်တွင် မိသားစုနှင့်အတူ ဖေဖော်ဝါရီ ၁၄ရက်နေ့ ညနေပိုင်း အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးသွားကြောင်း သိရသည်။

၎င်းနှင့်အတူ မိဘနှစ်ဦးနှင့် အဒေါ်ဖြစ်သူတစ်ဦးတို့ကိုပါ ဖမ်းဆီးသွားခဲ့ကြောင်းသိရပါသည်။

“ ဘာလို့ဖမ်းသွားမှန်းမသိရသေးပေမယ့် အကိုဖြစ်သူ CDM ဆရာဝန်ကို လာရှာရင်း ဖမ်းခံရတာဖြစ်မယ်” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် နနွင်းတော်ဘိုးရွာ ရွာသူရွာသား ၅၀ကျော် စစ်တပ်က PDF များကို ထောက်ပံသည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင် ပြည်သူ ၁၇ ဦးကို စစ်တပ်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

” မနိုနိုကို အရင်ဖမ်းတယ်။ ပြီးတော့မှ မနိုနို၏ ယောက်ျား၊ မနိုနို ၏ ယောက္ခမ၊ မနိုနို ခင်ပွန်းရဲ့ ယောက်ဖ၊ အမနှင့် ညီမ ၅ ဦးကို ဖမ်းဆီးတယ်။ ပြီးတော့ မလှိုင်ရဲ့ နေအိမ်ကို ရှာတယ်။ မလှိုင်ကို မတွေ့လို့ သူ့မောင် ၂ ယောက်ကို ဆက်ဖမ်းတယ်။ ကိုသန်းနိုင်ရဲ့ အိမ်ကို သွားဖမ်းတာမှာ သန်းနိုင်ကို မတွေ့လို့ သူ့ မိန်းမနဲ့တူတော်သူ ၂ ဦးကို ဖမ်းတယ်။ မစန်းစန်းမော်နေအိမ်ကို သွားဖမ်းတယ်။ မစန်းစန်းမော်ကို မတွေ့လို့ အသက် ၁၂ နှစ်အရွယ် သူ့သားနဲ့ အတူ ၁၈ နှစ်အရွယ် လူငယ် တဦးကို စစ်ဖိနပ်ဖြင့် ဆောင့်ကန်၊ ပါးရိုက်တယ်။ နောက်ပြီး အိမ်လည်လာတဲ့ ၂၅ နှစ်အရွယ် လူရွယ်တဦးနဲ့ စုစု ပေါင်း ၃ ဦးကိုဖမ်းတယ်။ နောက်နေ့ကျတော့ ဆွာမြို့ သခွဲကျဲ ကျေးရွာလူကြီးတဦးနဲ့လူငယ်တဦးကို ဆက်လက်ဖမ်းဆီးတယ်။ ရေတာရှည် ၆ ရပ်ကွက် လူကြီး တဦး လူငယ်တဦး သားအဖကို ထပ်မံဖမ်းဆီးတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ၁၃ ဦး ပြန်လွတ်တယ်။ ၄ ဦးက ကေတုမဏီ မြို့သစ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းရှိ စစ်ကြောရေးမှာ ကျင်စက်နဲ့ ညှဉ်းပန်းခံနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နေပြည်တော်တွင်လည်း PDF ဟုဆိုကာ အမျိုးသား ၄ ဦးကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်ဖမ်းဆီးသွား ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဖမ်းဆီးခံရသော ဆေးတက္ကသိုလ်(တောင်ကြီး)မှ ဒုတိယနှစ် ကျောင်းသား ”ကိုကောင်းချမ်းမြေ့သျှန်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article