28 C
Yangon

မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် RCSS ၏ စတင်ပစ်ခတ်မှုသည် သဘောတူညီချက်များကို ချိုးဖောက်ခြင်းဖြစ်ပြီး ငြိမ်းချမ်းစွာဖြေရှင်းရန် ကြိုးပမ်းမည်ဟု PNLO ပြော

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် ဖေဖေါ်ဝါရီလ ၁၆ ရက်၌ PNLAနှင့် RCSS ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး RCSS ၏ စတင်ပစ်ခတ်မှုသည် နှစ်ဖက် သဘောတူညီထားချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောဆိုသည်။

“RCSS အနေနဲ့ အခုလို လာပြီးတော့ ချောင်းမြောင်းပစ်ခတ်တာတို့လို၊ တိုက်ပွဲလုပ်တာတို့လိုလုပ်တာဟာ ကျနော်တို့ NCA မှာ ပါတဲ့ သဘောတူညီချက်ကိုရော ဥက္ကဌနှစ်ဦး ချမှတ်ထားတဲ့ သဘောတူညီချက်ကိုရော ချိုးဖောက်ရာ ရောက်ပါတယ်။ သို့သော်လည်း ကျနော်တို့ အချင်းချင်းကြားမှာ တတ်နိုင်သမျှ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ကို ကြိုးပမ်းကြမှာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ခေါင်းဆောင်တွေကြား ဆက်သွယ်ပြောဆိုတာတော့ မရှိသေးပါဘူး” ဟု PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယမန်နေ့ဖေဖေါ်ဝါရီလ ၁၆ ရက်တွင် RCSS တပ်ဖွဲ့က PNLA လုံခြုံရေးတပ်ဖွဲ့ကို စတင်ပစ်ခတ်ရာမှ နံနက် ၉ နာရီ ၄၅ မှ နေ့လယ် ၁၂ နာရီအထိ ကြာမြင့်ခဲ့ကြောင်း PNLO က ထုတ်ပြန်ထားပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုကိုတော့ ဖော်ပြထားခြင်းမရှိပေ။

အဆိုပါ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကြား ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်များတွင် စစ်ရေးတင်းမာမှုများ ရှိခဲ့ပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

နှစ်ဖက်တပ်ဖွဲ့များကြား စစ်ရေးတင်းမာမှုများ ပြဿနာများ ရှိလာခဲ့လျှင် တွေ့ဆုံဆွေးနွေး ငြိမ်းချမ်းသည့်နည်းများဖြင့် ဖြေရှင်းရန် ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက်တွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်စစ်နှင့် PNLO ဥက္ကဋ္ဌ ကြား သဘောထားများ ချမှတ်ခဲ့သည်။

“အခုတိုက်ပွဲဖြစ်တဲ့ ကဒူးကြီးဂွင်မှာပဲ ၂၀၁၇ တုန်းက PNLA နဲ့ RCSS ကြား စစ်ရေးတင်းမာမှုတွေဖြစ်ခဲ့တယ်၊ ၂၀၁၇ ဇွန်မှာ အဲဒီအချိန်တုန်းက PNLO ဥက္ကဋ္ဌ ကျနော်နဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်စစ်တို့ကြား သဘောတူညီချက် ချမှတ်ခဲ့ပါတယ်။ အခုဖြစ်တဲ့ ကဒူးကြီးဒေသဆိုတာ ပအိုဝ်းတော်လှန်ရေးအဆက်ဆက်က အခြေချခဲ့တဲ့နေရာပါ။ အခုနောက်ပိုင်းမှာ နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေ အနေအထားတွေအရ RCSS တပ်ဖွဲ့တွေကလည်း ဒီနားနဲ့ မနီးမဝေးနေရာတွေမှာ ရှိနေတာပေါ့” ဟု PNLO ဒု-ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဆိုသည်။

လက်ရှိ နှစ်ဖက်တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး RCSS ဘက်မှ ပြောခွင့်ရများ၊ အရာရှိများကို ရန်ကုန်ခေတ်သစ်က ကြိုးစားဆက်သွယ်နေပြီး ဆက်သွယ်မှု မရရှိသေးပေ။

ဓါတ်ပုံ – PNLA တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article