ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
မြန်မာ့နိုင်ငံသို့ မတ်လတွင် သွားရောက်မည့် အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊NUCC တို့နှင့် တွေ့ဆုံရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်း အဝေးတွင် တိုက်တွန်းပြောဆိုသည်။
ယနေ့ ကမ္ဘောဒီးယားနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး ကျင်းပကြောင်း၊ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ခြားရေးဝန်ကြီး၏ လာမည့် မတ်လ မြန်မာခရီးစဉ်ကို ကြိုဆိုကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် NUG ကိုယ်စားလှယ်များကို တွေ့ဆုံရန်၊ လွှတ် တော်အမတ်များ၊ CSO များ အပါအဝင် အလွှာပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် NUCC နှင့်လည်းတွေ့ဆုံရန် အစည်းအဝေးတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အဆိုပြု တောင်းဆိုကြောင်း ၎င်း၏လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၏ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပသည့် ပြည်သူ့ညီလာခံ ရလဒ်များကိုလည်း ကြည့်ရှုရန် အာဆီယံ အထူးကိုယ်စားလှယ်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးသို့ ပေးပို့သည့် NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ မိန့်ခွန်းကိုလည်း ယမန်နေ့ညပိုင်းတွင် ကြည့်ရှုခဲ့ကြောင်း၊ မြန်မာ့အရေး ဖြေရှင်းရန် အဖွဲ့အစည်းအားလုံးနှင့်တွေ့ဆုံရမည်ဖြစ်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အထောက်အ ထည် ဖော်ရမည်ဖြစ်ကြောင်း၊ မလေးရှားသည် အာဆီ ယံဘုံသဘောတူညီချက် ၅ ခုကို ခိုင်ခိုင်မာမာ ရပ်တည်နေကြောင်း ပြောဆိုသည်။
အာဆီယံအထူးကိုယ်စားလှယ်အဖြစ် လက်ရှိ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ဆောင်ရွက်လျက်ရှိသည်။