27 C
Yangon

မိုးဗြဲ၊ ဝါရီဆူးပလိုင်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီ၏ သံချပ်ကာ အမြှောက်ကား ၂ စီး ပျက်စီးကာ စစ်သားသေဆုံးမှုများ၊ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲနေ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇

ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲ၊ ဝါရီဆူးပလိုင်ကျေးရွာဘက်သို့ သံချပ်ကာအမြှောက်ကားများအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ယနေ့ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီ၏ သံချပ်ကာ အမြှောက်ကား ၂ စီး ပျက်စီးကာ စစ်သား သေဆုံးမှုများပြားနေကြောင်း၊ စစ်ကောင်စီက တိုက်လေယာဉ် ၂ စီး ဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

“မိုးဗြဲဘက်ကို ထိုးလာတဲ့အထဲက သံချပ်ကာအမြှောက်ကား ၂ စီးပျက်တယ်လို့ မြေပြင်က သတင်းပို့တယ်၊ ၂ စီးလုံးကို 338 စနိုက်ပါနဲ့ ချလိုက်တယ်။ တိုက်ပွဲက တော်တော်ပြင်းထန်တယ်၊ အခုလက်ရှိ အချိန်ထိ တိုက်ပွဲက အကြီးအကျယ်ဖြစ်နေတုန်း။ မနေ့ကတော့ မိုးဗြဲ PDF ၁ ဦးကျတယ်၊ ဒီနေ့ ကိုယ့်ဘက်က အကျမရှိသေးဘူး၊ စစ်ကောင်စီဘက်က သေတာများတယ်” ဟု KNDF တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ KGZ နှင့် JPDF အဖွဲ့များက ပူးပေါင်းကာ ခုခံတိုက်ခိုက်နေခြင်းပြီး သံချပ်ကာအမြှောက်ကား ၂ စီးပျက်စီးကာ စစ်အသား အများအပြားသေဆုံးမှုကြောင့် မိုးဗြဲဒေသကို စစ်ကောင်စီက တိုက်လေယာဉ် ၂ စီး ဖြင့် ယနေ့ ညနေပိုင်းတွင် ၄ ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရှိရသည်။

“တိုက်လေယာဉ်နဲ့ ဗုံးကျဲချနေတယ်။ ၆နာရီ ၇မိနစ်လောက် ၄ခေါက်ရှိပြီ၊ တိုက်လေယာဉ် ၂ စီးနဲ့ ဘယ်နားကို ကျဲလည်းဆိုတာ နေရာအတိအကျတော့ မသိရသေးဘူး။ ပွဲကုန်းရပ်ကွက်ပဲနားကို ကျဲနေတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ယနေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ဝါရီဆူးပလိုင်ကျေးရွာရှိ ဒေသခံနေအိမ်အချို့ ပျက်စီးမှုရှိသလို မိုးဗြဲဒေသတွင် ဒေသခံပြည်သူ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရထားကြောင်း သိရှိရသည်။

မိုးဗြဲဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ဖေဖေါ်ဝါရီလ ၁၅ ရက်မှ စတင်ကာ တိုက်ပွဲများပြန်လည်ပြင်းထန်လာနေခြင်းဖြစ်သည်။

ဓါတ်ပုံ – လွိုင်ကော်မြို့တွင်း တိုက်ပွဲတွင် ဘီးကျွတ်ကာ ပျက်စီးသွားသော စစ်ကောင်စီ၏ သံချပ်ကာ အမြှောက်ကား ၁ စီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article