32.5 C
Yangon

တန့်ဆည်တွင် စစ်တပ်က ရွာရှည်မ ရွာကို ဝင်ရောက် စီးနင်း မီးရှို့ပြီး ကိုညွှန့်ဝင်းမောင် အပါအဝင် ပြည်သူ ၄ဦးကို ပစ်သတ်သွား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ ရွာရှည်(မ)ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ကိုညွှန့်ဝင်းမောင် အပါအဝင် ပြည်သူ ၄ဦးကို ဖမ်းဆီးပြီး အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဒေသခံပြည်သူ ၆ဦးကို ဖမ်းဆီးခဲ့ပြီး ကိုညွှန့်ဝင်းမောင် အပါအဝင် ပြည်သူ ၄ဦးကို ပစ်သတ်ကာ ကျန်ပြည်သူ ၂ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း သိရသည်။

” အားလုံး၆ယောက် အဖမ်းခံရတာ ၄ယောက်ကို သတ်ပစ်သွားတယ်။ စစ်ခွေးတွေက ၂ယောက်ကိုတော့ လမ်းပြအဖြစ် ဖမ်းခေါ်သွားတယ်။ အသတ်ခံရတဲ့ ၃ယောက်ကနာမည်မသိသေးဘူး။ ကိုညွှန့်ဝင်းမောင် ၁ယောက်ပဲ နာမည်သိသေးတာ သူတို့ အကုန်လုံးက ရိုးရိုး အရပ်သားတွေပါ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ရွာရှည်(မ) ကျေးရွာကို ဖေဖော်ဝါရီလ ၁၄ရက်နှင့် ၁၅ရက်နေ့တို့တွင် ၂ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ရွာရှည်(မ)ကျေးရွာမှ ထန်းပင်ဆိပ်ကျေးရွာသို့ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်စဉ် အဆိုပါ ဒေသခံပြည်သူ ၆ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်တပ်က အကြောင်းမဲ့ ပစ်သတ်သွားသော ကိုညွှန့်ဝင်းမောင် (ခ) ကိုဖိုးပြူး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article