ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန် ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှိန်ဂတ်ဘွမ် (ရှိန်ဂတ်တောင်ကုန်း) စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်နှင့် PDF တပ်ဖွဲ့ဝင်များ ဖေဖေါ်ဝါရီလ ၂၂ ရက် ယနေ့တွင် ထပ်မံဝင်တိုက်နေကြောင်း သိရှိရပြီး စစ်ကောင်စီက နံနက် ၁၀ နာရီဝန်းကျင်တွင် တိုက်လေယာဉ် ၂ စီးဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ကြောင်း သတင်းရရှိသည်။
ဆွမ်ပီယာန်ကျေးရွာ အရှေ့မြောက်ဘက် ၃ မိုင်ခန့် အကွာရှိ ခလရ ၄၆၊ ခလရ ၁၃၇ တပ်ဖွဲ့ဝင် အင်အား ၈၀ ကျော်ခန့် တပ်စွဲထားသော ရှိန်ဂတ်တောင်ကုန်းစခန်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်နေသည်မှာ ၅ ရက်ခန့် ရှိပြီဖြစ်သည်။
ယနေ့တိုက်ပွဲအသေးစိတ်နှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုကို ကနဦး မသိရှိရသေးပေ။
ဖေဖေါ်ဝါရီလ အစပိုင်းတွင် ပူတာအိုမြို့နယ်အတွင်းရှိ လုံရှာယာန်နှင့် ဆွမ်ပီယာန် ကျေးရွာများရှိ စစ်ကောင်စီစခန်းများကို KIA နှင့် ပူတာအို PDF များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခဲ့ကာ မြစ်ကြီးနား-ပူတာအို ကားလမ်းမှတဆင့် စစ်ကောင်စီက စစ်သည်နှင့် ရိက္ခာများ မဖြည့်တင်းနိုင်ရန် KIA ပူးပေါင်းတပ်က အဆိုပါ လမ်းပိုင်းကို ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၁ ရက်တွင် ပူတာအိုလေဆိပ်သို့ စစ်ကောင်စီတပ်သားများ တင်ဆောင်လာသော လေယာဉ် ၂ စီး ဆိုက်ရောက်လာပြီး ပူတာအိုမြို့ရှိ ခ.လ.ရ (၄၆) တပ်ရင်း အတွင်းထဲသို့ စစ်ကား (၅) စီးဖြင့် ပို့ဆောင်ထားကြောင်း သိရှိရသည်။
အဆိုပါ ရှိန်ဂတ်တောင်ကုန်း စခန်းသည် မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတွင် ဗျူဟာကျသောနေရာတွင်တည်ရှိကြောင်း၊ စစ်ကောင်စီဘက်မှလည်း ပူတာအိုသို့ အင်အားများဖြည့်တင်းထားသလို KIA ဘက်ကလည်း ဆက်လက်တိုက်ခိုက်နေသည်ဖြစ်သောကြောင့် တိုက်ပွဲများ ပိုပြင်းထန်လာမည်မှာ သေချာကြောင်း KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ဓါတ်ပုံ – စစ်ကောင်စီတပ်သားများ ပူတာအိုသို့ လေကြောင်းမှတဆင့် ရောက်ရှိလာစဉ်
Photo Credit – Senmun Latsa