ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
နေပြည်တော်၊ အမှတ်(၄၅)ကင်းထောက်လေယာဉ်စခန်းတွင် လုပ်သက် ၁၇ နှစ်ကျော် တာဝန်ထမ်း ဆောင်ပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် သင်တန်းတက်ရောက်နေသော လေတပ်အရာရှိ DSA အပတ်စဉ်(၅၀) မှ ဗိုလ်ကြီးဇေသူအောင်သည် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO – Local PDF) ထံ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် မိသားစုနှင့်အတူ CDM ပြုလုပ်ရောက်ရှိလာကြောင်း DMO-Local PDF က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားပြုလုပ်နေမှုများကို လက်မခံနိုင်၍ ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ရန် အရဲစွန့်ပြီး ပြည်သူနှင့်အတူပူးပေါင်းလာသော ဗိုလ်ကြီးဇေသူအောင်နှင့် မိသားစုအား ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Locla PDF)တပ်ဖွဲ့က ကောင်းမွန်စွာကြိုဆိုလက်ခံပြီး လုံခြုံ သည့် နေရာသို့ စီစဉ်ပေးခဲ့ကြောင်း၊ CDM ပြုလုပ်သူ လေတပ် ဗိုလ်ကြီးဇေသူအောင်သည် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဥပဒေမဲ့အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ပထမဦးဆုံး အရာရှိကြီးတစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပြည်သူလူထုနှင့် တစ်သားတည်း ပူးပေါင်းပါဝင်လိုသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)တပ်ဖွဲ့မှ နွေးထွေးစွာ ကြိုဆိုလက်ခံရန် အသင့်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို DMO-Local PDFက သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ- CDM ဝင်လာသူ လေတပ်အရာရှိ ဗိုလ်ကြီးဇေသူအောင်။