29 C
Yangon

စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF များ KNU တပ်မဟာ ၅ နယ်မြေရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၃

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF တပ်ဖွဲ့များသည် အများပြည်သူနေထိုင်ရာကျေးရွားများအတွင်းသို့ ဖေဖေါ်ဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်များတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ရမ်းသန်းပစ်ခတ်သဖြင့် စာသင်ကျောင်းဆောင် ၁ ခုအပါအဝင်၊ လူနေအိမ်များနှင့် လယ်ယာမြေများ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ဖေဖေါ်ဝါရီလ ၂၂ ရက် နံနက် ၁၁ နာရီ ၄၀ ခန့်တွင် မယ်ပရေးခီးကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ၏ စကခ ၈ လက်အောက်ခံ ခမရ ၄၀၃ တပ်ဖွဲ့များသည် မိချောင်းဝင်းကျေးရွာအတွင်းသို့ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ပြီး စာသင်ကျောင်းဆောင် ၁ ခုနှင့် ဒေသခံနေအိမ် ၂ လုံး ပျက်စီးခဲ့သည်ဟု KNU တပ်မဟာ ၅ က ဆိုသည်။

အလားတူ ဖေဖေါ်ဝါရီလ ၂၁ ရက် နံနက် ၇ နာရီအချိန်တွင်လည်း ပွယ်ကေ့ဒေသတွင် အခြေချထားသော ဗိုလ်မောင်ချစ် ဦးဆောင်သည့် BGF တပ်ရင်း ၁၀၁၄ က ဖာပွန်-ကမမောင်းလမ်းအရှေ့ခြမ်းရှိ မယ်ကနောင်၊ ထီးဘောကော်ကျေးရွာသို့ လက်နက်ကြီးကျည် အလုံးရေ ၅၀ ခန့် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ည ၇ နာရီခန့်တွင် ဖာပွန်ကားလမ်းဘေးရှိ စစ်ကောင်စီတပ်ဖွဲ့များက သွာ့ခို့လော်ကျေးရွာအနီးနှင့် လယ်ယာမြေများအတွင်းသို့ လက်နက်ကြီးဖြင့် ၁၅ ကြိမ် ပစ်ခတ်သလို၊ လက်နက်ငယ်ဖြင့် အချက်ရေ ၂,၀၀၀ ခန့် ပစ်ခတ်ခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်က ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစ၍ NLD အစိုးရထံမှ အတင်းအဓမ္မအာဏာသိမ်းယူပြီးနောက် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့ကြောင်း KNU တပ်မဟာ ၅ သတင်းပြန်ကြားရေး မူတြော်သတင်းစဉ်က ယနေ့ထုတ်ပြန်သည်။

ဓါတ်ပုံ – ဖေဖေါ်ဝါရီလ ၁၉ ရက်တွင် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပျက်စီးခဲ့သော ဒေသခံပြည်သူ နေအိမ် ၁ လုံး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article