24.8 C
Yangon

စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေပြီး ဖယ်ခုံကို တိုက်လေယာဉ်များဖြင့် ဗုံးကျဲ၊ ကလေးမြို့၊ မှန်တောကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက တိုက်လေယာဉ်များအသုံးပြုကာ ဖယ်ခုံမြို့နယ်ကို ယနေ့နံနက်တွင် ၇ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် ကရင်နီပြည်နယ် နေရာအနှံ့အပြားတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အင်အားအလွန်အကျွံသုံးကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၉ ရက်မြောက် ရှိပြီဖြစ်သည်။

ဖယ်ခုံမြို့နယ်အတွင်းသို့ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကို ကနဦး မသိရှိရသေးပေ။

အလားတူ ကလေးမြို့နယ်တောင်ပိုင်း မှန်တောကျေးရွာမှ အနောက်ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီခန့်တွင် PDF-Kalay၊ CDF-KKG၊ CDF-Thantlang၊ RKDFနှင့် ပကဖ ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိဟု ယူဆရသူ ၁ ဦးသေဆုံးပြီး၊ အနည်းဆုံး ၅ ဦး ဒဏ်ရာရကြောင်း PDF-Kalay က သတင်းထုတ်ပြန်သည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် အင်အား ၆၀ ခန့်ဖြင့် ကြံသာကျေးရွာနှင့် ဟံသာဝတီကျေးရွာများတွင် တပ်စွဲထားသောအဖွဲ့ဖြစ်ကြောင်း၊ မှန်တောကျေးရွာသို့ မွှေနှောက်ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုသည် ၂ နာရီခန့် ကြာမြင့်ပြီး ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း PDF-Kalay ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article