ရန်ကုန်၊ မတ် ၄
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရွှေတောင်ဦးမှ ဆင်းလာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို မတ် ၄ရက်နေ့ မွန်းလွဲ ၁၁နာရီ ၁၁မိနစ်ခန့်တွင် ဗိုလ်ထွန်းတောက် ဦးဆောင်သည့် TTPDF တပ်ဖွဲ့နှင့် မဟာမိန်တပ်ပေါင်းစုက ငါးမိုင်ဂိတ်အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦးထက်မနည်း သေဆုံးခဲ့ကြောင်း TTPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ စွဲထားသည့် ဘန့်ဘွေးကျေးရွာကို စစ်ကား ၂စီး ထပ်မံရောက်ရှိလာပြီး အင်အားဖြည့်တင်းနေကြောင်း သိရသည်။
မန္တလေးတိုင်း မတ္တရာမြို့နယ် အင်းကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဆိုင်ကယ် ၁၂စီးဖြင့် အင်အား ၂၄ဦးပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ကျောက်ဆည်လေးကျေးရွာနှင့် ကင်းကျေးရွာကြားတွင် မတ်လ ၄ရက်နေ့ နံနက် ၁၁ နာရီခန့်က ဒေသခံကာကွယ်ရေး တပ်ဖွဲ့ ၂ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပ.က.ဖ-မတ္တရာတပ်ဖွဲ့ထံမှ သိရသည်။
ထိုမိုင်းဆွဲ တိုက်ခိုက်ခြင်းကို မတ္တရာမြို့နယ်(ပ.က.ဖ-မတ္တရာ)နှင့် Mandalay People’s Defense Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အပြန်အလှန် ပစ်ခတ်မှုများ အချိန်အနည်း ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် လူနာတင်ယာဉ် ၂စီးနှင့် ပရိုဘောက် ၂စီးတို့ဖြင့် ထိခိုက် သေဆုံးသူများကို တင်ဆောင်သွားကြောင်း သိရသည်။
Photo – ယင်းမာပင်တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို TTPDF တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်