ရန်ကုန်၊ မတ် ၄
ရန်ကုန်နှင့်မန္တလေးရှိ ယာဉ်ထိန်းရဲကင်းများနှင့် CCTV Server ပုံးများကို ယနေ့မတ်လ ၄ ရက်နေ့တွင် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မတ်လ ၄ ရက်နေ့ ည ၇ နာရီဝန်းကျင် ၇၈၊ ၃၈ လမ်းထောင့်ရှိ မော်တော်ပီကယ် ရဲကင်းနှင့် CCTV Server ဗုံးကို Guerilla Force of Mandalay နှင့် Mandalay Ranger Force PDF က ဗုံးဖောက်ခွဲခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။
“မန္တလေးနေရာအတော်များများက ဗုံးခွဲသံကို ကြားလိုက်ရတယ်။ ညနေ ၆ နာရီ ၅၀ မိနစ်မှာ ဗုံးပေါက်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် တာဆုံယဥ်ထိန်းရဲကင်းတွင် ယနေ့ မတ်လ ၄ရက် ညနေ ၄နာရီခွဲအချိန်ဝန်းကျင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။
“ရဲကင်းက လူတော့မရှိဘူး။ ဗုံးကွဲသံကတော့ အတော်ကို ကျယ်တယ်။ ထိခိုက်မှုမရှိဘူး။ ယာဉ်ထိန်းရဲကင်းရုံတော့ ပျက်စီးသွားတယ်” ဟု လှည်းကူးဒေသခံတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ယနေ့ညနေ ၇ နာရီဝန်းကျင် မန္တလေးတွင် ဗုံးခွဲခံရသော CCTV Server နှင့် ယာဉ်ထိန်းရဲကင်း။
Photo- Mandalay Ranger Force PDF