ရန်ကုန်၊ မတ် ၅
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မိုင်းနောင် ဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက တရားမဝင် ရွှေတူးဖော်သူများထံမှ အခွန် ငွေ ကောက်ခံပြီး စက်ယန္တရား ၄ဝဝကျော်ဖြင့် အကြီးစား ရွှေတူးဖော်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါ ရွှေတူးဖော်ရေး လုပ်ကိုင်နေသော နေရာများသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးပြီး အင်းကောမှုများ ဖြစ်ပေါ်ခြင်း၊ လယ်ယာများ ပျက်စီးခြင်းနှင့် အင်းကိုမှီခိုစားသောက်နေရသော ဒေသခံပြည်သူများ၏ စားဝတ်နေရေး ခက်ခဲလာခြင်းကြောင့် NLD အစိုးရ လက်ထက်တွင် ရွှေတူးဖော်ရေး လုပ်ကိုင်သူများကို တားမြစ်ထားသာ နေရာများဖြစ်ကြောင်း သိရသည်။
ထိုသို့ တားမြစ်ခံထားရသော နေရာများကို မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် စစ်ကောင်စီက တိုင်းပြည်အာဏာ မတရားရယူပြီးနောက် စက်ယန္တရားများဖြင့် အကြီးစား လုပ်ကွက်ပုံစံမျိုး လုပ်ဆောင်ရန် စစ်တပ်က အခွန်ငွေများ ရယူပြီး ပြန်လည် လုပ်ကိုင်ခွင့်ပြုနေခြင်းဖြစ်ကြောင်း သိရသည်။
” အင်းတော်ကြီးဒေသမှာ တရားမဝင် ရွှေလုပ်ငန်းတွေအရမ်းဆိုးနေတယ်။ စက်ယန္တရားတွေနဲ့ အကြီးစားလုပ်နေကျတာ အင်းကောတာတွေလည်း ဖြစ်နေတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အရင်ကလုံးဝ တားမြစ်ထားတဲ့ နေရာမျိုးတွေမှာပါ လုပ်နေကြတာ အနီးနားမှာရှိတဲ့ လယ်တွေလေည်း ပျက်ဆီးနေတယ်။ မိုင်းနောင်ဒေသက အန္တာရယ် အများဆုံးဖြစ်ပြီး စက်ယန္တရားတွေ မြေတူးကားအစီး ၄၀၀ ဝန်းကျင်ရှိပါတယ်။ အင်းထဲမှာ အရင်လို ငါးဖမ်းလို့သိပ်မရတော့ဘဲ ဒေသခံ တံငါလုပ်ငန်းလည်း ထိခိုက်လာပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။