ရန်ကုန်၊ မတ် ၅
စစ်ကိုင်းတိုင်း၊ ထီးချိုင့်ဘက်မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ ၂၉ စီးပါ စစ်ယာဉ်တန်းကို ယနေ့ မတ်လ ၅ ရက် နံနက် ၆ နာရီတွင် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂၅ ဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိသည်။
စစ်ကောင်စီယာဉ်တန်းကို KIA၊ အင်းတော် PDF၊ ပကဖ၊ Indaw Tiger Army က မိုင်းဆွဲပြီး မိနစ် ၃၀ ခန့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီး ပျက်စီး၊ စစ်သား ၂၅ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရကာ စစ်သားအချို့ တောထဲဝင်ပြေးသွားကြောင်း အင်းတော်တော်လှန်ရေးအင်အားစု IR က သတင်းထုတ်ပြန်သည်။
အဆိုပါ ယာဉ်တန်းသည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မှ ကချင်ပြည်နယ်၊ မိုးညှင်းဘက်သို့ ထွက်ခွာသည့်ယာဉ်တန်းဖြစ်ပြီး စက်သေနတ်တင် ပွိုင့်ကား ၁ စီး၊ ဆီဘောက်ဆာ ၇ စီး၊ ကုန်ကား ၁၅ စီး၊ ကားသေး ၄ စီးနှင့် လာကြိုသည့် ကား ၂ စီး စုစုပေါင်း ၂၉ စီး ယာဉ်တန်းဖြင့်ပြီး ၃ စီးမှာ ပျက်စီးသွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
မတ်လ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေး လာယူသည့်တပ်ဖွဲ့ကို KIA ပူးပေါင်းအဖွဲ့က နေရာ ၄ ခုတွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးကြောင်း IR က ရေးသားဖော်ပြသည်။
ဓါတ်ပုံ – တိုက်ခိုက်ခံရသော စစ်ကောင်စီယာဉ်တန်းမှ ဆီဘောက်ဆာယာဉ် ၁ စီး