ရန်ကုန်၊ မတ် ၈
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွယ်ထွဲရွာတွင် ယနေ့မတ်လ ၈ ရက် နေ့လယ်ပိုင်း စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ဆန်ထိမှန်၍ သစ်ပင်အောက်တွင် ကစားနေသော ကလေးငယ် ၃ ဦး ပွဲချင်းပြီးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
“ဒီနေ့လယ် ၁၂ နာရီခွဲမှာ လွယ်ထွဲရွာ ကစားကွင်း အပင်ကြီးအောက်မှာ ကလေးတွေ ကစားနေတဲ့နေရာကို လက်နက်ကြီးကျတာ၊ ၃ ဦး ပွဲချင်းပြီးသေတယ်၊ ၂ ဦး ဒဏ်ရာပြင်းထန်တယ်၊ ၁၀ နှစ်ဝန်းကျင် ကလေးတွေပေါ့။ အဲဒီနားမှာ တိုက်ပွဲဖြစ်တာ မရှိဘူး” ဟု ကရင်နီဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အဆိုပါ မိုးဗြဲနှင့် လွိုင်ကော်ကြား၊ ကယန်းသာယာလမ်းစုံအနီးရှိ လွယ်ထွဲကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးဖြင့် အများပြည်သူနေထိုင်ရာ ရွာအတွင်း သို့ ပစ်ခတ်ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီသည် ကရင်နီပြည်နယ်တွင် အင်အားအလွန်အကျွံသုံးကာ ကုန်းကြောင်း၊ လေကြောင်းမှ အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ လိုဘာခိုကျေးရွာ၊ ဆောင်ဒူလာကျေးရွာများအပါအဝင် အများပြည်သူနေထိုင်ရာ ကျေးရွာများ၊ စစ်ရှောင်များ ပုန်းခိုရာနေရာများကို ချိန်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။