25 C
Yangon

တောင်သာတွင် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ထားသော အလောင်း ၈လောင်း ကို ညအချိန် လာရောက် စွန့်ပစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ကိုသီဟကိုကို ရုပ်အလောင်းသာ အတည်ပြုနိုင်သေး၊ မြင်းခြံတွင်လည်း NLD ပါတီဝင် ၂ဦးကို စစ်တပ်က သတ်ဖြတ်

Must read

ရန်ကုန်၊ မတ် ၁၃

မန္တလေးတိုင်း တောင်သာ မြို့နယ်တွင် မတ်လ ၁၂ ရက်နေ့ နံနက် အစောပိုင်းက စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၈လောင်းကို လူခြေ တိတ်ချိန်၌ ကျေးရွာများ အနီး စစ်တပ်နှင့် ပျူစောထီးများက လာရောက် စွန့်ပစ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

မတ်လ ၁၂ရက်နေ့ နံနက်ပိုင်းတွင် တောင်သာမြို့နယ် နန်းမြင့်ကျေးရွာနှင့် ဘုရားလှရွာကြားတွင် အလောင်း၁လောင်း၊ဘုရားလှရွာနှင့် ဖက်တောရွာ ကြားတွင် အလောင်း၄လောင်း၊ နေ့လည်ပိုင်း၌ ဖက်တောရထား ဘူတာ တောင်ဘက် သံလမ်းကူးတောင်ဖက်နားမှာ အလောင်း၁လောင်းတို့ကို စစ်တပ်က လာရောက်စွန့်ပစ်ခဲ့ပြီး မတ်လ ၁၃ရက်နေ့တွင် နွားထိုးကြီးမြို့နယ် သာယာကုန်းရွာ မြင်းခြံ-နွားထိုးကြီ လမ်းပိုင်းတွင် စစ်တပ်က လာရောက် စွန့်ပစ်ထားသော အလောင်း၂လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဖမ်းဆီး သတ်ဖြတ်ပြီး လာရောက် စွန့်ပစ်ခဲ့သော အလောင်း ၈လောင်းထဲမှ နွားထိုးကြီးမြို့နယ် သာယာကုန်းရွာ အနီးတွင် စစ်တပ် လာရောက်စွန့်ပစ်ခံထားရသည့် အလောင်း ၂ လောင်းထဲမှ ၁လောင်းမှာ ဇန်နဝါရီလ ၁၈ရက်နေ့က မြင်းမူမြို့တွင် စစ်တပ်က ဖမ်းဆီးခဲ့သော Zero ပြောက်ကျားတပ်ဖွဲ့တွင် ကိုသီဟကိုကို ဖြစ်ကြောင်း အတည်ပြုနိုင်သေးသည်ဟု မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီထံမှ သိရသည်။

မတ်လ ၁၁ရက်နေ့ညပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီးအဖွဲ့များက မြင်းခြံမြို့ အတွင်းရှိ မြို့အဝင်အထွက်များတွင် ကင်းပုန်းများ ချကာ လုံခြုံရေး တင်းကျပ်ထားပြီးနောက် အလောင်း စွန့်ပစ်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်က စွန့်ပစ်ခဲ့သော ဘုရားလှရွာနှင့် ဖက်တောရွာကြားတွင် တွေ့ရှိခဲ့သော ရုပ်အလောင်းများတွင် အပြင်းထန်စွာ ညှင်းပန်း နှိပ်စက်ထားပြီးမှ သတ်ဖြတ် ခံထားရသော ပုံစံမျိုးဖြစ်ပြီး ဖက်တောဘူတာ တောင်ဖက်နားမှာ တွေ့ရှိခဲ့သော အလောင်း၁လောင်းသည် လူလတ်ပိုင်း၊ အသားအရေ ခပ်လတ်လတ်ဖြစ်ကာ ကျည်ဒဏ်ရာ ၅ချက်တွေ့ရှိကြောင်း သိရသည်။

အလားတူ မြင်းခြံမြို့နယ် NLD အလုပ်အမှုဆောင်ဟောင်း ဦးမိုးဟိန်းနှင့် ဇနီးဖြစ်သူ မြင်းခြံမြို့နယ် NLD အလုပ်အမှုဆောင် ဒေါ်ခင်စုစုလှိုင်တို့ကို ပျူစောထီးအဖွဲများက နေအိမ်အတွင်း ဝင်‌ရောက်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ NLD အလုပ်အမှုဆောင်ဟောင်း လင်မယား ၂ဦးနေအိမ်သည် မြင်းခြံခရိုင် ရဲစခန်းနှင့် ခလရ ၁၅ခြေမြန်တပ်ကြားတွင် တည်ရှိပြီး ခလရ ၁၅ခြေမြန်တပ်တွင် အခြေစိုက်တပ်စွဲတဲ့ စစ်သားများသည် ရှေ့တန်း မထွက်ရ အောင့်ပြည်သူလူထုကို အုပ်ချုပ်နိုင်ရန် ခြောက်လှန့် သတ်ဖြတ်နေပြီး ပျူစောထီး အဖွဲ၏ သတ်ဖြတ်မှုများကို မျက်ကွယ်ပြုပြီး နောက်ကွယ်မှ ကူညီပေးနေကာ ပြည်သူလူထုကို အကြောက်တရားစိုးမိုးလာအောင် နည်းလမ်းပေါင်းစုံဖြင့် ပြည်သူ‌တွေအသက်ကို ကြက်ငှက်သဖွယ် အသုံးချ သတ်ဖြတ်နေကြောင်း မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ထုတ်ပြန်ထားသည်။

Photo – စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သော Zero ပြောက်ကျားတပ်ဖွဲ့မှ ကိုသီဟကိုကို

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article