30 C
Yangon

တစ်သောင်းတန်နှင့် ငါးထောင်ကျပ်တန် ငွေအတုပြန့်နှံ့မှု ငွေကျပ်ဘီလီယံချီရှိနိုင်ဟု ဗဟိုဘဏ်အရာရှိပြော၊ ဘဏ်စနစ်ပြိုလဲနေခြင်းနှင့် ဥပဒေ မစိုးမိုးခြင်းတို့ကြောင့် ငွေစက္ကူအတုများ ထိန်းရန်မဖြစ်နိုင်

Must read

ရန်ကုန်၊ မတ် ၁၅

မြန်မာနိုင်ငံအတွင်းတွင် အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီး ၁ နှစ်အကြာ ငွေကျပ် တစ်သောင်းတန်နှင့် ငါးထောင်တန် ငွေစက္ကူအတုများ ပြန့်နှံ့မှုသည် ငွေကျပ် ဘီလီယံချီရှိနိုင်ကြောင်း ဗဟိုဘဏ် အရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ထုတ်ဖော်ပြောဆိုလိုက်သည်။

ပြည်တွင်းတွင် ငွေစက္ကူအတုများနှင့်ပတ်သက်ပြီး ဗဟိုဘဏ်က သိရှိခြင်း၊ မရှိ ရန်ကုန်ခေတ်သစ်က စုံစမ်းမေးမြန်းရာ အမည်မဖော်လိုသော ဗဟိုဘဏ်အရာရှိက ဗဟိုဘဏ်အနေဖြင့် ငွေအတုများ ကိစ္စ သိရှိထားသော်လည်း လက်ရှိအခြေအနေတွင် ဖြေရှင်းရန် မတတ်စွမ်းသာသည့်အခြေအနေရှိနေကြောင်း ပြောဆိုသည်။

အာဏာသိမ်းပြီး ၁ နှစ်အတွင်း ဘဏ်များတွင် အပ်နှံထားသော ငွေများထုတ်မရတော့ခြင်းနှင့် ဘဏ်စနစ်ကို ပြည်သူများက မယုံကြည်တော့မှုကြောင့် ပြည်သူများ၏ လက်ထဲတွင် ငွေသားကိုင်ဆောင်မှု မြင့်တက်လာကြောင်း၊ ယင်းအခြေအနေတွင် ငွေအတုပြဿနာအကြီးအကျယ် ဖြစ်ပေါ်လာပြီး ၁ နှစ်အတွင်း ထိန်းမရတော့သည့်အနေအထား ရောက်ရှိလာကြောင်း ပြောဆိုသည်။

“ငွေအတုတွေ ထွက်နေတာ ဗဟိုဘဏ်က မသိတာ မဟုတ်ဘူး သိတယ်။ အခုက ပြည်တွင်းဘဏ်စနစ်ကို အယုံအကြည် မရှိကြတော့ဘူး။ ရာခိုင်နှုန်းနဲ့ငွေလဲ ငွေထုတ်ရတော့ လူတွေက ဘဏ်မှာ ငွေမအပ်ဘူး၊ ဘဏ်နဲ့ အလုပ်မလုပ်တော့ဘူး။ ဘဏ်နဲ့ အလုပ်လုပ်တာ အတော်ကို နည်းသွားပြီ။ လက်ထဲမှာ ငွေသားကိုင်ထားကြတယ်။ ဘဏ်စနစ်ပြိုလဲတော့ လူတွေလက်ထဲမှာ ငွေတွေ သိမ်းထားပြီး အလုပ်လုပ်နေကြတော့ ငွေတွေက အတုပါ အစစ်ပါ ခွဲဖို့ခက်လာတယ်။ ဒါကို အခွင့်ကောင်းယူပြီး ငွေစက္ကူအတု ပြဿနာ ၁နှစ်အတွင်းမှာကြီးလာတာ။ ငွေအတုတွေရဲ့ လည်ပတ်စီးဆင်းမှုက ဘီလီယံများစွာရှိနိုင်တယ်” ဟု ဗဟိုဘဏ်အရာရှိက ဆိုသည်။

ထို့ပြင် တိုင်းပြည်တွင် ဥပဒေစိုးမိုးမှု လုံး၀ မရှိခြင်းကလည်း ငွေတု ပြဿနာကို ကြီးထွားစေသည်ဟု ၎င်းက ဆိုသည်။

“ဥပဒေစိုးမိုးရေး မရှိတာ။ ဒါကတော့ အကြီးဆုံး ပြဿနာပဲ။ နစက ကလည်း ဆန္ဒပြပွဲနဲ့ လက်နက်ကိုင်တဲ့ PDF တွေကို ဖမ်းဖို့ နှိမ်နင်းဖို့ သူ့အားကို အကုန်သုံးတယ်။ ဥပဒေစိုးမိုးရေးတွေမှာ နစကက ဘာမှ မလုပ်နိုင်တော့ဘူး။ သူ့မှာ ရှိနေတဲ့အင်အားနဲ့တောင် တိုင်းပြည်ကို တည်ငြိမ်အောင် မထိန်းနိုင်တော့ ဥပဒေ မစိုးမိုးဘူး။ဥပဒေမစိုးမိုးရင် ငွေအတုပြဿနာက ကိုင်လို့မရဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စုံစမ်းမေးမြန်းချက်များအရ ငွေစက္ကူအတုများကို နယ်စပ်ဒေသများမှ တင်သွင်းလာမှု ရှိသကဲ့သို့ ပြည်တွင်းတွင် အရှိန်အဟုန်ဖြင့် ထုတ်လုပ် ဖြန့်ချိနေကြောင်း သိရှိရသည်။

လှိုင်သာယာ PDF ကလည်း တိုင်းပြည်မငြိမ်သက်ချိန်တွင် ငွေအတုများစွာ ထွက်ပေါ်လာနေကြောင်း မတ်လ ၁၂ ရက်နေ့တွင် ပြည်သူများထံသို့ သတိပေးချက်တစ်ရပ်ထုတ်ပြန်သည်။

“လတ်တလော တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်ကာလအတွင်း ပြည်သူများအကြား ငွေစက္ကူအတုများ ပြန့်နှံ့လျက်ရှိနေပါသည်။ အကြမ်းဖက်စစ်တပ်မှ ငွေတုများကို ပုံနှိပ်ဖြန့်ဝေနေသည့် သတင်းများထွက်ပေါ်နေပြီး တောမီးလောင်တောကြောင် လက်ခမောင်းခတ်ဆိုသလို ဝိသမလောဘသားများမှ လူမှုကွန်ယက် Face book စာမျက်နှာထက်မှာ ငွေစက္ကူအတုများ ပေါ်ပေါ်ထင်ထင် ရောင်းဝယ် ဖောက်ကားလျက်ရှိသည်များကိုတွေ့ရှိရပါသည်။လှိုင်သာယာ မြို့နယ်ဟာဆိုရင် အခြေခံလူတန်းစား လက်လုပ်လက်စားသမားများ အလွန်ပေါများသည့်အလျောက် ငွေစက္ကူအတုများကြားညပ်၍ တချို့သောအလုပ်ရှင်များမှ လစာပေးချေခြင်း၊ နှစ်လုံးဒိုင်၊ ချဲဒိုင်များမှ လောင်းကစားသမားများအား လျော်ကြေးပေးရာတွင် ငွေစက္ကူအတုများ ရောနှော၍ ပေးနေမှုများလည်းရှိနေခြင်းကြောင့် ငွေတုများ များပြားစွာ ပြန့်နှံ့လျက်ရှိပါသည်။ သို့ပါသောကြောင့် မိဘပြည်သူများအနေဖြင့် ယခုလိုခက်ခဲရှားပါးနေသောကာလတွင် ပင်ပင်ပန်းပန်း သွေးနဲ့ချွေးနဲ့ရင်းပြီး ရှာဖွေထားရသော ငွေကြေးများ ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက် စျေးရောင်းစျေးဝယ်ပြုလုပ်ရာတွင် တချို့သော ငွေစက္ကူအတုများဟာ ခွဲခြားရအလွန်ခက်သောကြောင့် သေချာစွာစစ်ဆေး သတိပြုနိုင်ရင် အသိပေးတင်ပြအပ်ပါသည်” ဟု သတိပေးချက်ကြေညာချက်ကို လှိုင်သာယာ PDF က ကြေညာခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article