30 C
Yangon

ကရင် ၊ မုံရွာနှင့် မြိုင်တွင် အကြမ်းဖက် စစ်ကောင်စီဝင်များ ဗုံး၊ လက်လုပ်မိုင်း၊ လက်လုပ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရ ၊ စစ်ကောင်စီဝင် ၅ ဦးသေ၊ ၂ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၁၈

ကရင်၊ မုံရွာနှင့် မြိုင်မြို့နယ်များတွင် အကြမ်းဖစ် စစ်ကောင်စီဝင်များ ဗုံး၊ လက်လုပ်မိုင်း၊ လက်လုပ်လက်နက်ကြီးများနှင့် တိုက်ခိုက်ခံရပြီး အကြမ်းဖက် စစ်ကောင်စီ ၅ ဦးသေကာ ၊ ၂ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း တော်လှန်ရေး ရဲဘော်များ ထံမှ သိရှိရသည်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူ

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ယနေ့ မတ်လ ၁၈ ရက်နေ့တွင် နံနက် ၆ နာရီ ၂၀ မိနစ်တွင် အမှတ်၄ ရပ်ကွက်နှင့် အမှတ် ၃ ရပ်ကွက် နာရီစင်အနီး ဗုံးများ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နံနက် ၇ နာရီ ၁၅ မိနစ် အချိန်ခန့်တွင်လည်း ဗုံးတစ်လုံး ထပ်မံ ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အမှတ် ၄ ရပ်ကွက် ဗုံးပေါက်ကွဲမှုကို အကြမ်းဖက် စစ်ကောင်စီဝင်များ လာရောက်စစ်ဆေးစဉ် နံနက် ၇ နာရီ ၂၅ မိနစ် အချိန်တွင် နောက်ထပ် ဗုံးတစ်လုံး‌ပေါက်ကာ စစ်ကောင်စီဝင် နှစ်ဦး နေရာတွင် ပွဲချင်းပြီး သေကာ တစ်ဦးမှာ ဆေးရုံတွင် သေကြောင်း၊ သေဆုံးသူထဲတွင် တပ်ကြပ်အဆင့် တစ်ဦးလည်း ပါဝင်ပြီး ဗုံးပေါက်ပြီးချိန်တွင် စစ်ကောင်စီဝင်များ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ မှုများ ရှိခဲ့ကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရှိရသေးဘဲ ပြည်သူများအနေနှင့် အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် အပေါင်းအပါများနှင့် ဝေးနိုင်သမျှ ဝေးဝေးနေရန် ဘုရားသုံးဆူမြို့ပြပျောက်ကျားတပ်ပေါင်းစု သတိပေးထားသည်။

မုံရွာ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့တွင် ယနေ့ နေ့လယ် ၃ နာရီ ၃၀ မိနစ် အချိန်တွင် ဆည်မြောင်းရုံး၊ ရန်ကင်း မီးပွိုင့်နှင့် Mytel ရုံးများ လက်ပစ် မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြီး အဆိုပါ တိုက်ခိုက်မှုကို Unity Force Monywa နှင့်Brother Defense Force တိုက်ခိုက်ရေးအဖွဲ့မှ တစ်ချိန်တည်း ပစ်ပေါက်ဖောက်ခွဲခဲ့ခြင်း ဖြစ်ကာ တော်လှန်ရေးရဲဘော်များ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Unity Force Monywa မှ သတင်းထုတ်ပြန်သည်။

မြိုင်

မကွေးတိုင်း ၊ မြိုင်မြို့နယ်တွင် ယနေ့ မတ် ၁၈ ရက်နေ့ မနက် ၃ နာရီ အချိန်၌ ဖလံကိုင်းရေနံမြေ အကြမ်းဖက်စစ်ကောင်စီ စခန်း လက်လုပ် လက်နက်ကြီးများနှင့် ပစ်ခတ်ခံခဲ့ရပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ အထိအခိုက်ကို စုံစမ်းဆဲ ဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကာ မတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင်မူ အကြမ်းဖက် စစ်ကောင်စီဝင် ၂ ဦး သေကြောင်း မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article