36 C
Yangon

တနင်္သာရီမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆက်ကြေးကောက်နေသော ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ဒုရဲအုပ်သေဆုံး၊ သေနတ် ၂ လက် ရရှိ၊ ပျူစောထီး စိုးမိုးသော မြောက်ခင်ရန်းရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဝင်တိုက်၊ ပြည်သူ ၄၀၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့

Must read

ရန်ကုန်၊ မတ် ၁၈

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် မြိတ်မြို့နယ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အများပြည်သူများထံမှ မတရားဆက်ကြေးကောက်ခံနေသော စစ်ကောင်စီလက်ပါးစေ ရဲတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်က ယနေ့ မတ်လ ၁၈ ရက် ညနေတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်သေဆုံးပြီး ရဲ ၃ ဦး ဒဏ်ရာရရှိကြောင်း၊ သေနတ် ၂ လက် ရရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အဆိုပါ ရဲတပ်ဖွဲ့သည် ကြေးနန်းတိုင်ရဲစခန်းမှဖြစ်ပြီး တနင်္သာရီမြို့နယ် အဝင် ဆိုင်းဘုတ်အနီး ပုံမှန် ဆက်ကြေးကောက်နေသော အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပျူစောထီးဖွဲ့များ စိုးမိုးထားသည့် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာရှိ ပျူစောထီးတပ်ဖွဲ့ဝင်များကို PDF ဂန့်ဂေါနှင့် မဟာမိတ်တပ်ဖွဲ့များက ယနေ့ မတ်လ ၁၈ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း PDF – GanGaw က သတင်းထုတ်ပြန်သည်။

မြောက်ခင်ရန်းရှိ စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့သည် အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ခြင်း၊ မတရား ဖမ်းဆီးနှိပ်စက်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ကျေးရွာအတွင်းရှိ ပြည်သူများကို ပျူစောထီးသင်တန်းများ အဓမ္မတက်စေခိုင်းခြင်းများကြောင့် ဒေသခံများက အကူအညီတောင်းသဖြင့် PDF – GanGaw နှင့် မဟာမိတ်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် လက်ပါးစေ ပျူစောထီး သေဆုံးမှုစာရင်းကို အတည်မပြုနိုင်သေးကြောင်း PDF – GanGaw က ဆိုသည်။

ယင်းနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြည်သူ ၄၀၀ ခန့်ကို ကယ်ထုတ်ခဲ့ကြောင်း၊ ဟံသာဝတီကျေးရွာမှ စစ်ကောင်စီစစ်ကူများ ထပ်မံ ရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဆုတ်ခွာခဲ့ကြောင်း၊ အဆိုပါ နေအိမ်များကို စစ်သားများနှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – တနင်္သာရီမြို့နယ်နှင့် မြိတ်မြို့နယ် ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီး တနေရာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article