25 C
Yangon

ခမရ ၃၅၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း CDM ဝင်၊ ဇာတိမြေကို စစ်တပ်က ဗုံးကျဲ မီးရှို့နေ၍ မိခင်အိမ်ပင် မပြန်ရဲဘဲ ပြည်သူ၏ မုန်းတီးမှု၊ စစ်ခွေးဟုခေါ်ဆိုမှု၊ ရန်သူသတ်မှတ်မှု မခံစားနိုင်တော့၊ ပြည်သူ့တော်လှန်ရေး တွင် ဆက်လက်ပါဝင်မည်

Must read

ရန်ကုန်၊ မတ် ၂၀

မွေးဖွားကြီးပြင်းခဲ့ရာ ဇာတိမြေ ဖြစ်သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းကို စစ်ကောင်စီက ဗုံးကျဲ မီးရှိုနေ့၍ အမေ့အိမ်ပင် မပြန်ရဲတော့သည့်အပြင် ပြည်သူက မုန်းတီးပြီး စစ်ခွေးဟုလည်းကောင်း၊ ရန်သူဟုလည်းကောင်း ခေါ်ဆိုသည့် ဘ၀တွင် မနေနိုင်တော့၍ CDM ဝင်ရန် ဆုံးဖြတ်ခဲ့ဟု ခမရ ၃၅၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီး မျိုးမင်းထွန်း ပြောဆိုလိုက်သည်။

ပြည်သူ့ရင်ခွင်မှ CDM ဗိုလ်ကြီး ညီသုတနှင့်တွေ့ဆုံမေးမြန်းခန်း ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“အဓိက တွန်းအားကတော့ လက်ရှိလုပ်နေတဲ့ စစ်ကောင်စီ လုပ်နေတဲ့လုပ်ရပ်တွေ ကိုယ့်တို့ ဇာတိမြေ အညာ တို့ စစ်ကိုင်းတိုင်း ဝန်းကျင်မှာဆိုရင်လည်း အကိုက ဒီပဲယင်း ဇာတိပါ။ စစ်ကိုင်းတိုင်းဝန်းကျင်မှာဆိုရင်လည်း ရွာလုံးကျွတ် မီးရှို့တာတွေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဒါတွေက အကိုတို့ နီးစပ်ရာတွေက တစ်ဆင့် ပြန်သိရတာပေါ့။ ပြန်သိတဲ့အချိန်မှာ ကိုယ်တို့ကိုလည်း သူတို့က မျိုးမင်းရေ CDM မလုပ်သေးဘူးလား။ ဒါမျိုးတွေ မေးတာတွေ မြန်းတာတွေ ပြီးတော့ အကိုတို့အနေနဲ့ စစ်ကောင်စီ အောက်မှာ တာဝန်ထမ်းဆောင်နေရတာ အမေ့အိမ် ခွင့်ပြန်ဖို့တောင်းမှ ခွင့်ရခဲ့ရင်တောင်မှ ခွင့်ပြန်လို့မရတဲ့ အနေအထားမျိုးတွေ ပြည်သူရဲ့ နာကျဉ်း မုန်းတီးမှုတွေ အကိုတို့ကို စစ်ခွေးလို့ခေါ်နေတာတွေ ပြီးတော့ လက်ရှိအနေအထားမှာ ပြည်သူတွေနဲ့ အကိုတို့ စစ်ကောင်စီ အောက်မှာ တာဝန်ထမ်းဆောင်နေရတာ အရင် စစ်သား ဘဝတုန်းက အကိုတို့က သူပုန်နဲ့ တိုက်နေရတဲ့ အနေအထားမျိုး မဟုတ်တော့ဘူး” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။

ပြည်သူ၏ ရန်သူဘ၀တွင် မနေနိုင်တော့သည့်အပြင် ပြည်သူလူထုဘက်မှ ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်ပြီး CDM ဝင်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ပြည်သူနဲ့ ပြန်တိုက်ပြီးတော့ ကိုယ်က အရင်ကတော့ စစ်သား အခု သူပုန်ဖြစ်နေတဲ့ အနေအထားမျိုးတွေ ပြီးတော့ ပြည်သူ လူထုရဲ့ ထောက်ခံအားပေးမှုတွေ လက်ရှိ အာဏာသိမ်းတဲ့ အကျိုးဆက်ကြောင့်မို့လို့ ဖြစ်လာခဲ့ပြီ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီခုခံ တော်လှန်စစ်ကို ဆင်နွှဲနေကြတာတွေရှိနေတဲ့ အချိန်မှာ ပြည်သူ တစ်ရပ်လုံးနဲ့ ဆင်နွှဲနေတာ ဖြစ်တဲ့အတွက် စစ်ကောင်စီအောက်မှာ ဆက်တာဝန် ထမ်းဆောင်နေရင် ကိုယ်တို့ကို အလိုလိုရန်သူ ဖြစ်နေပြီ ကိုယ်တို့ အသက် အန္တရာယ်တွေကလည်း တစ်နေ့တစ်ခြား ပိုပြီး စိုးရိမ်နေရတယ်။ ပြီးတော့လည်း ဆွေမျိုး အသိုင်းအဝိုင်းမှာလည်း စိုးရိမ်ကြောင့်ကျ မှုတွေရှိလာတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ ဒီတိုင်းဆက်နေလို့တော့ မရဘူး။ ပြည်သူဘက်ကိုတော့ ပူးပေါင်းပါဝင်မှ ရမယ်” ဟု ဒုတိယဗိုလ်မှူး‌ကြီး မျိုးမင်းထွန်းက ဆိုသည်။

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းသည် ၅၁၃ ပင်လုံတပ်၊ ၅၇၄ တပ်တွင် ယာယီ တပ်ခွဲမှူး ဗိုလ်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်ရုံး စစ်မဟာ ဗျူဟာ လေ့လာရေးဌာနတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ဒုတပ်ရင်းမှူးအဖြစ် ခမရ ၄၃၁ ကော့သောင်းတွင် ၃နှစ်နှင့် ၁ဝလလောက် ကြာခဲ့ကြောင်း၊ ယင်းနောက် တပ်ရင်းမှူး ရာထူးဖြင့် ခမရ ၃၅၁ ကျောက်ကြီးတွင် တာဝန်ထမ်းဆောင်ပြီး CDM လုပ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကျောက်ကြီးမြို့နယ် ခမရ ၃၅၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း။

(တွေ့ဆုံမေးမြန်းခန်း ဗီဒီယိုကိုလည်း ဖော်ပြပါမည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article