ရန်ကုန်၊ မတ် ၂၇
ကရင်ပြည်နယ်၊ ဝေါ်လေတိုက်ပွဲတွင် ယနေ့ စစ်ကောင်စီဘက်မှ ၂၀ အထက် သေဆုံးနိုင်ပြီး ရာဂဏန်းဒဏ်ရာရနိုင်ကာ လမ်းမပေါ်တွင် စစ်သား အလောင်းများ ရှိနေကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်သည်
ယနေ့ မတ်လ ၂၇ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်ဒေသကို ဖြတ်သန်း၍ ဖလူးကျေးရွာဘက်မှ ဝေါ်လေသို့ ကျူးကျော်ဝင်ရောက် လာသည့် တပ်မ (၄၄) နှင့် တပ်မ (၂၂) လက်အောက်ခံ အကြမ်းဖက်စစ်ကောင် စီ၏ ပူးပေါင်း စစ်ကြောင်းကို ယနေ့ နံနက်ပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ကြောင်း သိရှိရသည်။
နှစ်ဖက်ထိတွေ့ တိုက်ပွဲသည် ယနေ့ နံနက် (၉)နာရီမှ စတင်ကာ ညနေ (၄) နာရီ အထိ မြဝတီ-ဝေါ်လေ ဆက်သွယ်ထားသော ကားလမ်းမကြီး၏ လမ်းပိုင်းတစ်နေရာတွင် ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီဘက်မှ အထိ အခိုက်အကျအဆုံးများသဖြင့် Mi 2 ရဟတ်ယာဥ်၊ Mi 35 ရဟတ်ယာဥ်များ နှစ်စီးစီဖြင့် နှစ်ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်၊ အကျအဆုံး လုံးဝမရှိပဲ အောင်ပွဲရယူနိုင်ခဲ့ပြီး အကြမ်း ဖက် စစ်ကောင်စီဘက်မှ အနည်းဆုံး စစ်သား ၂၀ ဦး အထက် ကျဆုံးနိုင်ကြောင်း၊ စစ်သား ရာဂဏန်း ခန့် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကာ၊ တချို့ အ လောင်းများမှာ ယခု သတင်းထုတ်ပြန်သည့်အချိန်အထိ လမ်းမတွင် ပြန့်ကျဲလျက်ရှိကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
KNLA သတင်းရင်းမြစ်များကလည်း ယနေ့ ဝေါ်လေတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အလွန်အထိနာနေပြီး အနည်းဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ အထက် သေဆုံးနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။
ဓာတ်ပုံ – ယနေ့ တိုက်ခိုက်မှုကြောင့် လမ်းမပေါ်တွင် ရှိနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏အလောင်းများ။