28 C
Yangon

စစ်တပ်က ယင်းမာပင်၊ ချင်းပုန်းရွာတွင် ပြည်သူ ၇ ဦးကို သတ်ဖြတ်ပြီး ကား ၅ စီးနှင့် ဆိုင်ကယ် ၅၀ စီးကို မီးရှို့ပြာချသွား၊ ရွာသားတချို့ကို ဖမ်းဆီးသွား

Must read

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ချင်းပုန်းရွာသို့ ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီက ဆိုင်ကယ်စီးရေ ၅၀ ဝန်းကျင်နှင့် ကားကြီး ကားလေး ၅ စီးဝန်းကျင်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ၎င်းတို့ သတ်ဖြတ် ထားသည့် အလောင်း ၇ လောင်းကို တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရှိ ရသည်။

“၂၆ ရက်နေ့တုန်းက PDF သင်တန်းဆင်းပွဲကို ဆိုင်ကယ်တွေ ကားတွေနဲ့ လာကြတာ ။ အဲဒီ ဆိုင်ကယ်တွေ ကားတွေ အားလုံးကို မနေ့က မီးရှို့သွားတယ်။ သူတို့ ၂၆ ရက်နေ့က သတ် ထားတဲ့ အလောင်း တွေကိုတော့ ဒီအတိုင်း ထားခဲ့တယ်”ဟု ချင်းပုန်းရွာ ဒေသခံ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီ၏ မတရားသတ်ဖြတ်မှုကြောင့် ပြည်သူများ အပါအဝင် ၇ ဦးခန့်၏ ရုပ်အလောင်းများကို တွေ့ရှိရကြောင်း၊ သေဆုံးသွားသူများထဲမှ ချင်းပုန်းကျေးရွာမှ ဦးအောင်မောင်း ၊ ပန်းပထုံးရွာမှ ကိုထွန်းထွန်းနှင့် ကိုမျိုးညွှန့်တို့ကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး PDF ဝတ်စုံဝတ်ထားသူတစ်ဦးနှင့် ကျန်သူများကို အတည်မပြုနိုင်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။

အလောင်းတွေကို သူတို့ စတည်းချသွားတဲ့ ဘုန်းကြီးကျောင်း ရေကန်နား ရယ်၊ မူကြိုကျောင်းထဲက ၆ လောင်းတွေ့ခဲ့တာ။ သူတို့က ၂၆ ရက်နေ့တုန်းက ရဟတ်ယာဉ်နဲ့ လူလာချသွားတယ်။ PDF ဝတ်စုံ ဝတ်လာပြီးတော့မှ ။ သူတို့က PDF ဝတ်စုံပေါ်မှာ ကျဉ်ကာပါတယ်လို့ ပြောတယ်။ PDF သင်တန်းဆင်းပွဲ ဖြစ်တော့ သူတို့က PDF နဲ့ ပုံမှားရိုက်တဲ့အခါ တချို့ PDF ကလေးတွေက ကိုယ့်လူထင်လို့ မပြေးတာလို့ ဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု ဒေသခံတစ်ဦးက အကြမ်းဖက် စစ်ကောင်စီ၏ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က သတ်ဖြတ်ခဲ့မှုကို ပြန်ပြောင်းပြောပြသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး မီးလောင် ပျက်စီးသွားခဲ့ပြီး ချင်းပုန်း ရွာရှိ နေအိမ် ၄ လုံးကိုလည်း မီးရှို့ခဲ့ကာ ချင်းပုန်းကျေးရွာ မူကြိုကျောင်းရှိ ကလေးငယ် ၈၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် လုပ်ရပ်ကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကျေးရွာသားတချို့ကိုလည်း ဖမ်းဆီးပြီး ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article