26 C
Yangon

ကရင်နီပြည်နယ်တွင် တပတ်အတွင်း စစ်ကောင်စီက လေကြောင်းမှ ၃၇ ကြိမ် ဗုံးကျဲပစ်ခတ်တိုက်ခိုက်၊ မြေပြင်တွင် စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်နေ

Must read

ရန်ကုန်၊ မတ် ၂

ကရင်နီပြည်နယ်တွင် ဖေဖေါ်ဝါရီလ စတုတ္ထပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များအသုံးပြုကာ လေကြောင်းမှ ၃၇ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီးမော့ဆိုမြို့ဘက်သို့ စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်နေကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖေါ်ဝါရီလ ၂၂ ရက်တွင် နန်းမယ်ခုံ၊ ဝါးတောခူ၊ ဆင်ကလေးတောင် သို့ လေကြောင်းမှ ၅ ကြိမ်၊ ၂၃ ရက်နေ့တွင် နမ့်စံခန်း၊ နန်းမယ်ခုံ၊ ဆင်ကလေးတောင်၊ ဆီးလီဒုန်း၊ ဒေါကမီးကျေးရွာများသို့ တိုက်လေယာဉ်ဖြင့် ၁၉ ကြိမ်၊ ၂၄ ရက်တွင် ဆင်မတောင်နှင့် နန်းမယ်ခုံကို လေကြောင်းမှ ၁၂ ကြိမ်၊ ဖေဖေါ်ဝါရီလ ၂၇ ရက်မနက်တွင် စစ်ရှောင်များရှိသော လိုဘာခိုကျေးရွာသို့ တိုက်လေယာဉ်ဖြင့် ၁ ကြိမ် စုစုပေါင်း ၃၇ ကြိမ် လေကြောင်းမှ ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နန်းမယ်ခုံဘက်သို့ စစ်ကောင်စီက တပ်မ ၆၆နှင့် နယ်မြေခံတပ်များအပါအဝင် အင်အား ၃၀၀ ကျော်၊ စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး နန်းမယ်ခုံမြို့အနောက်ဘက်ရှိ ဆင်မတောင်၊ ဆင်ဖိုတောင်စသော တောင်ကုန်း၊ တောင်ကျောများတွင် တပ်စွဲကာ အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့ပြီး ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ နတ်ပေါက်တောင် တိုက်ပွဲတွင် KNDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိပြီး အရေအတွက်ကို အတည်မပြုနိုင်ကြောင်း KNDF က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – ကရင်နီပြည်နယ်တိုက်ပွဲများတွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေသော စစ်ကောင်စီ၏ Mi35p ရဟတ်ယာဉ်

Photo Credit – Free Burma Rangers Karenni

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article