ရန်ကုန်၊ မေ ၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်းရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်က ပြည်သူများကို ဖမ်းဆီးကာ နေအိမ်များကို မီးရှို့နေပြီး ပစ္စည်းများကိုလည်း စိတ်ကြိုက်ခိုးယူနေကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မြင်းခြံမြို့နယ်၊ ဆင်ချောင်းရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများကို ဖမ်းဆီးကာ ကျေးရွာအတွင်းရှိ နေအိမ်များမှ ပစ္စည်းများကို စိတ်ကြိုက်ခိုးယူပြီး ထော်လာဂျီနှင့် ဖောကားများပေါ်တွင် တင်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ယနေ့ ၆ နာရီခန့်မှ စတင်၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းရှိ နေအိမ်များကို စတင် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ပြည်သူများသည် လက်ရှိချိန်ထိ ကျေးရွာအတွင်း ဝင်ရောက်နိုင်ခြင်းမရှိသောကြောင့် နေအိမ် ပျက်စီးမှု များပြားနိုင်ကြောင်း သိရှိရသည်။
“ပြည်သူတွေကို ဖမ်းထားတာတော့ ရှိပါတယ်။ နောက်ဆက်တွဲသတင်းတော့မရသေးဘူး။ ဆင်ချောင်းရွာကိုရောက်နေတဲ့ စစ်ကြောင်းက မွန်းလွဲပိုင်းနဲ့ ညနေပိုင်းထိ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ထော်လာဂျီတွေ ဖောကားတွေနဲ့ အပြည့်တင်ပြီး ခိုးနေတာ ညနေ ၆ နာရီလောက်က စတင်ပြီး မီးစရှို့နေကြတယ်။ လေကလည်းတိုက်နေပြီး မီးငြိမ်းမယ် ရွာခံတွေလည်း ပြန်ဝင်လို့မရတဲ့အခြေနေမို့ တော်တော်ဆိုးမယ့်အခြေနေရှိပါတယ်” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ပြောဆိုသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အားများ ဖြန့်ခွဲ၍ မွန်းလွဲ ၃ နာရီခန့်ကလည်း ညောင်တို ကျေးရွာအတွင်းကို စစ်တပ် စစ်ကြောင်း ဝင်ရောက်သွားကြောင်း သိရသည်။





