37 C
Yangon

ရန်ကုန်နှင့် တနင်္သာရီတွင် စစ်တပ်က မတရားဖမ်းဆီးထားသည့် ကျောင်းသားပြည်သူ ၂၈ ဦးကို ထောင်ဒဏ်များ ချမှတ်ပြီး သေဒဏ်ချမှတ်ခံရသူ ၉ ဦး ပါဝင်

Must read

ရန်ကုန်၊ ဧပြီ ၁

ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီးထားသည့် ကျောင်းသား ပြည်သူ ၂၈ဦးကို အလုပ်နှင့်ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ပြီး သေဒဏ်ချမှတ်ခံရသူ ၉ ဦးပါဝင်ကြောင်း သိရသည်။

ကိုစိုးပြည့်အောင်၊ မစိုးမီမီကျော်၊ မလျှားပြည့်ခင်တို့ကို ထောင်ဒဏ် ၇ နှစ်ချ
=========================================

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သောကြောင့် ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် စစ်တပ်နှိပ်သောဒဏ် မခံနိုင်သောကြောင့် အရက်ပျံ သောက်သေရန် ပြုလုပ်ခဲ့သော မစိုးမိမိကျော် အပါအဝင် လူငယ် ၂ဦးကို ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၇နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောင်ဒဏ် ၇နှစ်ချမှတ်ခံရသူ ၃ ဦးမှာ ကိုစိုးပြည့်အောင်၊ မစိုးမီမီကျော်၊ မလျှားပြည့်ခင်တို့ဖြစ်ပြီး ပုဒ်မ ၅ဝ၅(ဂ)အတွက် ထောင်ဒဏ် ၂နှစ်နှင့် ပုဒ်မ ၅၂ (က)အတွက် ထောင်ဒဏ် ၅နှစ် ချမှတ်ခဲ့ကာ အမှု ၂ခုပေါင်းအတွက် ထောင်ဒဏ် ၇နှစ် ကျခံရမည်ဟု အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ဖမ်းဆီးခံရသူ ၃ဦးသည် တက္ကသိုလ် ကျောင်းသား ကျောင်းသူများဖြစ်ကာ တပ်ပေါင်းစု သပိတ် ကော်မတီ အဖွဲ့ဝင်များလည်း ဖြစ်ပြီး ၂ဝ၂၁ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရိုက်နှက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုဇင်လင်းအောင်၊ ကိုမောင်မင်းခန့်နှင့် ကိုကျော်လင်းထွဋ်တို့ကို ထောင်ဒဏ် ၃နှစ်ချ
=========================================

ရန်ကန် အင်းစိန်ထောင်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က မတရားဖမ်းဆီးထားသည့် ဒဂုံ တက္ကသိုလ် ကျောင်းသား ၃ ဦးဖြစ်သည့် ကိုဇင်လင်းအောင်၊ ကိုမောင်မင်းခန့်နှင့် ကိုကျော်လင်းထွဋ်တို့ကို ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ကြောင်း ဒဂုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

ဒဂုံတက္ကသိုလ် ရုက္ခဗေဒဌာန ကျောင်းသား ကိုဇင်လင်းအောင်နှင့် သတ္တဗေဒဌာန ကျောင်းသား ကိုမောင်မင်းခန့်ကို လှည်းကူးမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဇီဝဓာတုဗေဒဌာန ကျောင်းသား ကိုကျော်လင်းထွဋ်ကို အင်းစိန်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူငယ် ၉ ဦးကို စစ်တပ်က သေဒဏ်ချမှတ်
========================

ရန်ကုန်တိုင်းအတွင်း ပေါက်ကွဲမှုများ၊ စစ်ကောင်စီ သတင်းပေးများ သတ်ဖြတ်ခံရမှုများ၊ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းနှင့် ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဘဏ်များ၊ စစ်ကောင်စီ ကင်းစခန်းများ ဖောက်ခွဲ တိုက်ခိုက်မှုခံရမှုများနှင့် ပတ်သက်ဆိုကာ လူငယ် ၉ ဦးကို အကြမ်းဖက် စစ်တပ်က သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က သေဒဏ်ချမှတ်ခဲ့သော လူငယ် ၉ဦးမှာ မြောက်ဥက္ကလာပမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် နေထိုင်သူများဖြစ်ပြီး မဆုဝေနှင်း၊ မဆုမြတ်သွယ်၊ ကိုခိုင်မင်းထွန်း၊ ကိုဉာဏ်ဟိန်းထက်၊ ကိုပြည့်ဖြိုးသူ၊ ကိုရဲရင့်ဖြိုး၊ ကိုဝေမိုးနိုင်၊ ကိုသန်းဇော်၊ ကိုလတ် တို့ ဖြစ်ကြောင်း သိရသည်။

YBS ယာဉ်မောင်း ကိုကျော်ခိုင်ဝင်းကို ထောင်ဒဏ် ၃နှစ်ချ
=================================

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြသူများကို လိုက်လံဖမ်းဆီးရန် ရောက်လာသည့် ရဲကားကို YBS ဖြင့်တားဆီးခဲ့သည့် ယာဉ်မောင်း ကိုကျော်ခိုင်ဝင်းကို ပုဒ်မ ၅ဝ၅ (က)ဖြင့် သင်္ဃန်းကျွန်း မြို့နယ် တရားရုံးက ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

လူငယ် ၁ဝဦးကို ထောင်ဒဏ် ၇နှစ်ချ
======================

ရန်ကုန် ရန်ကင်းမြို့နယ်တွင် ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီးထားသည့် လူငယ် ၁ဝဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၃၁ ရက်နေ့တွင် ထောင်ဒဏ် ၇နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

ထို အမိန့်ချမှတ်ခံရသူ လူငယ် ၁ဝဦးတွင် စစ်တပ်က စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက် ရိုက်နှက်ခဲ့သော မခင်ငြိမ်းသူလည်း ပါဝင်ပြီး ထပ်တိုးပုဒ်များဖြင့်လည်း ထပ်မံ အမိန့် ချမှတ် ခံရမည် ဖြစ်ကြောင်း သိရသည်။

မဆုရည်လင်းကို ပုဒ်မ ၅ဝ၅ (က)ဖြင့် ထောင်ဒဏ် ၃နှစ်ချ
================================

ရန်ကုန် အခြေစိုက် ကျောင်းသား သမဂ္ဂများအဖွဲ့မှ မဆုရည်လင်းကို အကြမ်းဖက် စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့တွင် အင်းစိန် ထောင်တွင်း တရားရုံး၌ ပုဒ်မ ၅ဝ၅ (က)ဖြင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

အလွတ်တန်း သတင်းထောက် ကိုဇော်လင်းထွဋ်ကို ထောင်ဒဏ် ၃နှစ်ချ
========================================

ရန်ကုန်ရှိ အလွတ်တန်း သတင်းထောက် လုပ်ကိုင်သူ ကိုဇော်လင်းထွဋ်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က မတ်လ ၃၁ ရက်နေ့တွင် အင်းစိန် ထောင်တွင် တရားရုံး၌ ပုဒ်မ ၅ဝ၅ (က)ဖြင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article