32 C
Yangon

ခင်ဦးရှိ ကျေးရွာ ၆ ခုကို စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့၊ စစ်တပ်က ဘုန်း ကြီး ကျောင်းများပါ ဖျက်စီးခံရပြီး သံဃာတော်များ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဧပြီ ၁

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းရှိ ကုလားလူး၊ ရှားလွင်၊ ငါးတင်းကြီး၊ ပေပင်ကုန်း၊ ထနောင်းကိုင်းကြီး၊မင်းဝံစိုက်ကွင်း ကျေးရွာတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဝင်ရောက်စီးနင်း မီးရှို့ ဖျက်ဆီးလျက်ရှိပြီး ကုလားလူးနှင့် ရှားလွင် ရွာရှိ ဘုန်းကြီးကျောင်းများကို စစ်တပ်က ဖျက်ဆီးသဖြင့် သံဃာ တော်များပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန် ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

စစ်ကောင်စီ တပ်ဖွဲ့များသည် ခင်ဦးမြို့နယ်အတွင်း မတ်လ၅ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးလျက်ရှိပြီး မတ်လ၃၀ရက်နေ့တွင် ကုလားလူးရွာနှင့် ရှားလွင်ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာဘုန်း ကြီးကျောင်းများပါ ဖျက်ဆီးခံရကာ သံဃာတော်များပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် မတ်လ-၃၁ရက်နေ့နှင့် ယနေ့ ဧပြီလ ၁ရက်နေ့တွင်လည်း ငါးတင်းကြီး၊ ပေပင်ကုန်း၊ ထနောင်းကိုင်းကြီး၊ မင်းဝံစိုက်ကွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းကာ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက် ပြေး တိမ်းရှောင် နေရပြီး ကျေးရွာအတွင်းရှိ ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“အခြေအနေကတော့ စိုးရိမ်ရတာပေါ့။ စစ်ခွေးတွေက ရွှေဘိုက စစ်ခွေးတွေပါ ထပ်ခေါ်ပြီး အင်အားဖြည့်နေတယ်။ ပြည်သူတွေအကုန်လုံးကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်။ ထွက်ပြေး တိမ်းရှောင် နေသူတွေအတွက် ဆေး ဝါး အစားအသောက်တွေ အဝတ်အစားတွေလည်း အရေးပေါ် လိုအပ်နေတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ခင်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ဆေးဝါး၊အဝတ်အစားနှင့် အစားအသောက်များ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

Photo – မတ်လ ၃ဝ ရက်နေ့က ကုလားလူးရွာနှင့် ရှားလွင်ကျေးရွာရှိ ပြည်သူ ပိုင်နေအိမ်များနှင့် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဖျက်ဆီးခဲ့ပုံ (ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article