32 C
Yangon

မင်းအောင်လှိုင်က သင်္ကြန်ပွဲတော်စည်ကားရေး လုပ်ဆောင်ရန် အမိန့်ပေးသော်လည်း ငွေထုတ်မပေး၍ ပြည်သူများထံမှ အတင်းအဓမ္မငွေတောင်းခံ၊ ဝန်ကြီးဌာနရေကစားမဏ္ဍပ်အတွက် ဝန်ထမ်းများထံမှ ငွေကောက်ခံ

Must read

ရန်ကုန်၊ ဧပြီ ၂

အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်ပွဲတော်စည်ကားရေး လုပ်ဆောင်ရန် အမိန့်ပေးသော်လည်း ငွေထုတ်မပေး၍ ဝန်ထမ်းများနှင့်ပြည်သူများထံမှ အတင်းအဓမ္မငွေတောင်းခံမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

မင်းအောင်လှိုင်က ပြည်နယ်/တိုင်း၊ မြို့နယ် များအလိုက် သင်္ကြန်ရေကစားမဏ္ဍပ်များ ဆောက်လုပ်ရန်နှင့် စည်ကားစွာ ကျင်းပကြရန် ညွှန်ကြားထားကြောင်း၊ ထိုသို့ ညွှန်ကြားသော်လည်း ငွေကြေးချထားပေးခြင်းမရှိသည့်အတွက် သက်ဆိုင်ရာ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် သင်္ကြန်စည်ကားရေး ရန်ပုံငွေများ ရှာဖွေသည့်အနေဖြင့် ပြည်သူများထံမှ အတင်းအဓမ္မငွေတောင်းခံနေကြောင်း သိရှိရသည်။

“မြောက်ဥက္ကလမှာရှိတဲ့ ဟိုတယ် တည်းခ်ုခန်းတွေ ပိုင်ရှင်တွေဆီက တစ်ဦးကို ၂ သိန်းဆီ စစ်တပ်က လိုက်ကောက်တယ်။ မြောက်ဥက္ကလာရဲစခန်း (အမှတ် ၉ ရဲစခန်း) နဲ့စည်ပင်ရုံးနားမှာ သင်္ကြန်မဏ္ဍပ်ဆောက်ဖို့တဲ့ ပေးလိုက်ရပါတယ်။ တောင်းတာကလည်း မပေးရင် ဖမ်းမယ်ဆီးမယ်လို့ကိုပြောတာ။ ငွေတော့အကုန်ခံလိုက်ရတယ်။ အသက်တော့အသေမခံနိုင်ဘူး။ ပြီးတော့ မဏ္ဍပ်မှာ ရေပက်ဖို့ လူလွှတ်ပေးဖို့နဲ့ ရေလာဆော့ဖို့ခေါ်တယ်။ လုံခြုံရေးပေးထားမယ်လို့ စစ်တပ်က ပြောတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်မှ တည်းခိုခန်းပိုင်ရှင်တစ်ဦးက ပြောသည်။

အလားတူ ကရင်ပြည်နယ် ဘားအံမြို့နယ်တွင်လည်း သင်္ကြန်ပွဲတော်စည်ကားရေးအတွက် ဘားအံမြို့နယ် အတွင်းရှိ ရပ်ကွက်များတွင် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀ ကောက်ခံနေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဘားအံမှာ ဒီရက်ပိုင်းအတွင်း သင်္ကြန်ယိမ်းကဖို့ အမျိုးသား၊ အမျိုးသမီး လူငယ်လေးတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လိုက်စုပြီး စည်းရုံးတယ်။ လူမပေးနိုင်တဲ့ရပ်ကွက်တွေက တစ်အိမ်ထောင်စုကို ၂၀၀၀၊ ၁၀၀၀ အလှူငွေထည့်ရတယ်။ ဘားအံမှာ သင်္ကြန် ရေကစားမဏ္ဍပ်တွေကို ဆောက်နေပြီ။ ပြည်နယ်အစိုးရအဖွဲ့ရုံးဘေးက သီရိကွင်းထဲမှာပဲ မဏ္ဍပ်ဆောက်နေတယ်” ဟု ဘားအံဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ဝန်ကြီးဌာနများတွင်လည်း သင်္ကြန်ပွဲတော်စည်ကားရေး မဏ္ဍပ်များဆောက်ကြရန် ယိမ်းအဖွဲ့များ၊ ရေကစားအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ကြရန် မင်းအောင်လှိုင်က ညွှန်ကြားကြောင်း၊ သို့ရာတွင် ဘတ်ဂျက်ငွေမပေးသည့်အတွက် ဦးစီးဌာနအလိုက်၊ ဝန်ထမ်းများဆီမှ ငွေကြေးများ ကောက်ခံနေရကြောင်း သိရှိရသည်။

“ခုစစ်ကိုင်းတိုင်းကောင်စီရုံးမှာ တော့ သင်္ကြန်ပွဲကျင်းပမယ်။ တိုင်းအဆင့်ဦးစီးမှူးများနဲ့ နောက်ထပ် ၃ ယောက် လုံခြုံရေး ယူပေးရမယ်။ ညွှန်မှူး ဒုညွှန်မှူးတွေ တက်ရမယ်။ အနည်းဆုံး၂ရက် စည်ကားအောင် လုပ်ရမယ်။ အလှူငွေ ကောက်တယ်။ အနည်းဆုံး ၂ သိန်း၊ ၃ သိန်းထည့်ရတယ်။ ဦးစီးဌာန ၁ ခုစီက ထည့်ရတာ” ဟု စစ်ကိုင်းတိုင်းမှ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ-မြစ်ကြီးနားမြို့တွင် ဆောက်လုပ်နေသော ကချင်စစ်ကောင်စီ၏ သင်္ကြန်ရေကစားမဏ္ဍပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article