25 C
Yangon

မင်းအောင်လှိုင်စစ်တပ်ထဲတွင် စစ်သည်များ ထွက်ပြေးမည်စိုး၍ မှတ်ပုံတင်များ သိမ်းယူ၊ မှတ်ပုံတင်မရှိလျှင် ခရီးသွား ခွင့်မပြု မူဝါဒအရ စစ်သည်များ အပြင်ထွက်ခရီးသွားရန် မလွယ်ကူတော့

Must read

ရန်ကုန်၊ ဧပြီ ၅

အကြမ်းဖက်စစ်ကောင်စီက ခရီးသွားလာသူမှန်သမျှ ဧပြီလ ၁ ရက်နေ့မှ စတင် ၍ မှတ်ပုံတင်ပြသမှသာ ခရီးသွားလာခွင့်ရှိကြောင်း ထုတ်ပြန်ပြီးနောက် စစ်တပ်အတွင်းတွင် စစ်သည်များ၏ မှတ်ပုံတင်များကို သက်ဆိုင်ရာ တပ်ရင်းမှူးက သိမ်းယူထားကြောင်း သိရှိရသည်။

စစ်တပ်အတွင်း အရာရှိများ CDM ပြုလုပ်ခြင်း၊ စစ်သည်များ ထွက်ပြေးကြခြင်းများ အလွန်များပြားလားသည့်အတွက် ယခုနောက်ဆုံးတွင် စစ်သည်များ၏ မှတ်ပုံတင်များကို သိမ်းဆည်းလာခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် လူပျိုစစ်သည်များ၏ မှတ်ပုံတင်များကို သိမ်းယူခြင်းဖြစ်ကြောင်း သိရှိရသည်။

“အိမ်ထောင်သည်စစ်သည်တွေရဲ့ မိသားစုတွေကို တပ်အပြင်ကို ပေးမထွက်တော့ တော်ရုံတန်ရုံ ပြေးဖို့ CDM လုပ်ဖို့ ခက်တယ်။ လူပျိုစစ်သည်တွေကျတော့ ပုံစံမျိုးစုံနဲ့ ပြေးနေတော့ အခုနောက်ဆုံး မှတ်ပုံတင်တွေကို တပ်က သိမ်းတယ်။ မှတ်ပုံတင် မပါရင် ခရီးသွားလို့မရဘူးဆိုတဲ့ မူကလည်းရှိနေတော့ ပြေးမယ့် စစ်သည်တွေအတွက်တော့ ခက်ခဲအောင်လုပ်ထားတာ။ ခွင့်ရရင်တောင်မှ မှတ်ပုံတင်မရတော့ ဘယ်မှ သွားမရဘူး။ ခွင့်ကလည်း တော်ရုံတန်ရုံကို မပေးတော့ဘူး အရမ်းခက်ခဲတယ်။ မှတ်ပုံတင်နဲ့ပဲ ခရီးသွားလာရမယ်ဆိုပြီး အမိန့်ထုတ်ပြီးနောက် တပ်ထဲမှာ လူပျိုရဲဘော်တွေရဲ့ မှတ်ပုံတင်တွေ အကုန်သိမ်းကုန်ပြီ။ တပ်က ထွက်မပြေးနိုင်အောင် လုပ်တာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် တပ်တွင်းတွင် အိမ်ထောင်စုဇယားများ လုပ်ဆောင်ခိုင်းနေပြီး လူဦးရေနှင့်အိမ်ထောင်စုဇယားအတိအကျ ပြုစုခိုင်းနေကြောင်း သိရှိရသည်။

မင်္ဂလာဒုံတပ်ရင်းတစ်ခုမှ သတင်းရင်းမြစ်ကမူ လာမည့် ရွေးကောက်ပွဲကာလအတွက် တပ်ထဲတွင် အိမ်ထောင်စုဇယားနှင့်လူဦးရေစာရင်းများ ကောက်ယူနေသည်ဟုဆိုသည်။

“ရွေးကောက်ပွဲအတွက်လို့တော့ ပြောတယ်။ အိမ်ထောင်စုဇယားတွေ ဖြည့်ခိုင်းတယ်။ လူဦးရေအတိအကျ ကောက်တယ်။ တပ်ပြေးမှာစိုးလို့လား မသိဘူး။ တပ်ထဲမှာစာရင်းတွေတော့ သေချာကောက်နေတယ်။ အပြင်မှာနေတဲ့ မိသားစုတွေက အစ စာရင်းကောက်ခိုင်းတာ။ တချို့အရာရှိတွေ စစ်သည်တွေက အကြောင်း အမျိုးမျိုးကြောင့် မိသားစုတွေက တပ်ထဲမှာ ဟိုးအရင်ကတည်းက မနေကြဘူး။ အဲဒါတွေကိုပါ စာရင်းကောက်ခိုင်းတော့ စိုးရိမ်တာပေါ့” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article