25 C
Yangon

ဂန့်ဂေါ၊ စည်ပင်ရပ်ကွက်တွင် ကင်းလှည့်နေသော ရဲကားကို YDF ပစ်ခတ်တိုက်ခိုက်၊ ရဲမှူးအပါအဝင် ၄ ဦးသေ ၆ ဦး ဒဏ်ရာပြင်းထန်ပြီး ရဲကား‌ မောင်းပြေးသွား

Must read

ရန်ကုန်၊ ဧပြီ ၂၀

မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ စည်ပင်ရပ်ကွက်တွင် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့၏ လှည့်ကင်းကားကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က ဧပြီလ ၂၀ ရက် ည ၁၀ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ရာ ရဲမှူးအပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရကာ အဆိုပါ လှည့်ကင်းကားမှာ မောင်းပြေးသွားကြောင်း YDF ထံမှ သတင်းရရှိသည်။

“စည်ပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာပေါ့၊ အံစာတုံးကားနဲ့ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ကို ပစ်တာ။ ရဲမှူးရယ် ၁ ပွင့် ရဲဗိုလ်လေးရယ် နောက်ထပ် ၂ ဦး သေတယ်၊ ၆ ဦး ဒဏ်ရာရတယ်။ ရဲမှူး သေတယ်ဆိုတာက ဆေးရုံကနေ အလောင်းတွေ ထုတ်လာတာကို တွေ့ရတယ်၊ သူတို့ သဂြိုလ်တဲ့ ကိစ္စတွေကို ကျနော်တို့ သေချာ သိရတယ်ဗျ၊ အဲဒါကြောင့် ရဲမှူးသေတာကို အတည်ပြုနိုင်တာပါ။ ” ဟု YDF ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယောဒေသကာကွယ်ရေးတပ်ဖွဲ့က အဆိုပါ ရဲလှည့်ကင်းကားကို အနောက်မှ ဝင်ရောက်ပစ်ခတ်သည့်ပုံစံမျိုးဖြစ်၍ ကားမောင်းသမား ထိခိုက်မှု မရှိဘဲ မောင်းပြေးသွားခြင်းကြောင့် လက်နက်များ မရရှိခဲ့ခြင်းဟု YDF ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

ယောနယ်တွင် YDF အပါအဝင် ယောဒေသကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ကြား တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီကလည်း အင်အားအများအပြားဖြင့် ဂန့်ဂေါမြို့အနီးဝန်းကျင်ကျေးရွာများကို ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် တိုက်ပွဲများပြင်းထန်နေသော ယောဒေသတွင် အင်တာနက် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေကြောင်း၊ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး လုံခြုံရေးနှင့် ဆက်သွယ်ရေးအခြေအနေများကြောင့် အချိန်မှီ ထုတ်ပြန်နိုင်ခြင်းမရှိကြောင်း၊ လက်နက်ခဲယမ်းအကူအညီများ လိုအပ်နေကြောင်း YDF ထံမှ သိရှိရသည်။

ဓါတ်ပုံ – ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article