25 C
Yangon

မကွေး ပေါက်မြို့နယ်နှင့် စစ်ကိုင်း ချောင်းဦး၊ ဒီပဲယင်း၊ ရေးဦးနှင့် ယင်းမာပင်ရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ ပြည်သူပိုင် နေအိမ် ၉၈လုံး မီးလောင်ပြာကျပြီး ပြည်သူ ၂ဦး ပစ်သတ်ခံရ

Must read

ရန်ကုန်၊ ဧပြီ ၂၁

မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်း ဒိန်းကွင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၀ရက်နေ့တွင် နံနက် ၈နာရီခန့်တွင် ဝင်ရောက်စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃၅လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများဖြစ်သော ဆိုကယ်များ အသုံးအဆောင် ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

” ရွာမှာ အိမ်ခြေက ၄၂လုံးပဲရှိတယ်။ အိမ်ခြေ ၃၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ ပြည်သူပိုင် ပစ္စည်းတွေကိုလည်း အကုန်လုံး မီးရှို့ဖျက်ဆီး သွားတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တောကျောင်းလေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၁ ရက်နေ့ ညနေ ၅နာရီ ၃ဝ မိနစ်ခန့်တွင် ဝင်ရောက် စီးနင်း မီးရှို့နေကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါ ကျေးရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးအဖွဲ့များ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ပြီး ကျေးရွာအတွင်းရှိ ပျက်စီး ဆုံးရှုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ယင်းမာပင် မင်းမကုန်းရွာ အနီးတွင် ယနေ့ ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဒေသခံ ပြည်သူ ၁ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

ယင်းအကြမ်းဖက် စစ်တပ်သည် ပုလဲမြို့နယ် ပဲခင်းမ ကျေးရွာတွင် ညအိပ် စခန်းချပြီး ယနေ့ နံနက်ပိုင်းတွင် ပဲခင်းမရွာမှ ယင်းမာပင်မြို့နယ် ငါးနန်းကျေးရွာမှ မင်းမကုန်းရွာအရောက်တွင် ဒေသခံ ပြည်သူ ၁ဦးကို အကြောင်းမဲ့ ပစ်သတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မဲအိုးကျေးရွာနှင့် ညောင်လှကျေးရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၀ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁ဦးကို လက်ပြန်ကြိုးတုတ်ကာ ပစ်သတ်ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၆၃လုံး မီးလောင်ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် voice of Depeyinအဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် ဧပြီလ ၁၉ ရက်နေ့တွင် မဲအိုးကျေးရွာအတွင်း ပြည်သူပိုင် နေအိမ် ၁၈လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဧပြီလ ၂၀ ရက်နေ့တွင် ညောင်လှရွာရှိ ပြည်သူပိုင် နေအိမ် ၄၆ လုံးနှင့် ဒေသခံ ပြည်သူ ၁ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ရေဦးမြို့နယ် ဆည်ကြီးကျေးရွာ အတွင်းရောက်ရှိနေပြီး ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းများကို ထပ်မံ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article