25 C
Yangon

ဖင်လန်ကုမ္ပဏီ Wärtsilä Corporation အကြမ်းဖက် စစ်ကောင်စီနှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေ။ စစ်ကောင်စီတင်ဒါများမှ ချက်ချင်းနှုတ်ထွက်ရန် JFM တောင်းဆို

Must read

ရန်ကုန်၊ ဧပြီ ၂၂

ဖင်လန်နည်းပညာကုမ္ပဏီကြီး Wärtsilä Corporation က မကွေးမြို့နဲ့ မြင်းခြံမြို့တွေမှာ သဘာဝ ဓါတ်ငွေ့နဲ့ ဆိုလာစနစ် ပေါင်းစပ်သုံး လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံတွေ တည်ဆောက်ခြင်းနဲ့ လုပ်ငန်း လည်ပတ်ခြင်းတို့အတွက် တရားမဝင် အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားတဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်း (EPGE) ထံကနေ တင်ဒါနှစ်ခု ရရှိထားပါတယ်။

ဒီတင်ဒါတွေကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ခေါ်ယူခဲ့တာဖြစ်ပြီး တင်ဒါလျှောက်လွှာ ပိတ်ရက်ကိုတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ သတ်မှတ်ခဲ့တာပါ။

Wärtsilä ဟာ အဆိုပါတင်ဒါနှစ်ခုလုံးကို တရုတ်ကော်ပိုရေးရှင်း Dongfang Electric International Corporation၊ Myanmar Chemical and Machinery (MCM) တို့နဲ့ အကျိုးတူပေါင်းစပ်လုပ်ငန်းရဲ့ အစိတ်အပိုင်းအဖြစ် ရရှိခဲ့ပါတယ်။

MCM ကုမ္ပဏီဆိုတာကတော့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ညွှန်ကြားမှုဌာနနဲ့ ပူးပေါင်းလုပ်ကိုင်နေပြီး မြန်မာနိုင်ငံ၏ စစ်လက်နက် ထုတ်လုပ်ရေးနယ်ပယ်မှာလည်း အရေးပါတဲ့ စစ်လက်နက်ရောင်းဝယ်သူ ဖြစ်ပါတယ်။

ဒါ့ကြောင့် အဆိုပါ ကုမ္ပဏီကို ကနေဒါ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့က ၂၀၂၂ ခုနှစ်၊ မတ်လ(၂၅) ရက်နေ့မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ တင်ဒါလျှောက်ထားရာမှာတော့ MCM ကုမ္ပဏီကိုယ်စား ၎င်းတို့ရဲ့ စင်္ကာပူကုမ္ပဏီခွဲ MCM Pacific Pte. Ltd. နဲ့ မြန်မာကုမ္ပဏီခွဲ MCM Energy Ptd. Ltd. တို့က ပါဝင်ခဲ့ပါတယ်။။

ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး နောက်နေ့မှာ MCM Energy က မလိခစွမ်းအင်ကုမ္ပဏီ (Malikha Energy) အဖြစ် ချက်ခြင်း အမည်ပြောင်းလဲခဲ့ခြင်းက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲဖို့ ကြိုးပမ်းမှုလည်း ဖြစ်နိုင်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူများ အဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar က ထုတ်ပြန်ပါတယ်။

MCM ကုမ္ပဏီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပြီးနောက်မှာ Wärtsilä Corporation ရဲ့ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက “MCM ကုမ္ပဏီနဲ့ ၎င်းတို့အဖွဲ့ဝင်များပါဝင်တဲ့ စီးပွားရေးလုပ်ငန်းအားလုံး သို့မဟုတ် မိတ်ဖက်ဆောင်ရွက်မှုတွေအားလုံးကို လက်တွေ့ချက်ချင်း မြန်မြန်ဆန်ဆန် ရပ်ဆိုင်းထားပြီးပါပြီ၊ Wärtsilä က နိုင်ငံတကာအသိုင်းအဝန်းနဲ့ သဘောထားတူညီစွာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓါတ်အားအသုံးပြုရေးစနစ် အတွက် အားထားနိုင်တဲ့အတိုင်းအတာ၊ သက်သာတဲ့ စျေးနှုန်းအနေအထားမျိုးနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်သန် အားစိုက်ဆဲ ဖြစ်ပါတယ်၊ ဒါကြောင့် လက်ရှိအချိန်အထိ ဒဏ်ခတ်ပိတ်ဆို့မှုများမှ လွတ်ကင်းနေသေးတဲ့ EPGE နဲ့ ကျွန်ုပ်တို့ရဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ”လို့ Justice For Myanmar ကိုဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ Wärtsilä ကော်ပိုရေးရှင်းအနေနဲ့ MCM ကုမ္ပဏီကို မြင်းခြံနဲ့ မကွေးစွမ်းအင်စီမံကိန်းတွေအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းကနေ မည်ကဲ့သို့ ဖယ်ရှားနိုင်ခဲ့တာကိုတော့ ရှင်းလင်းပြော ဆိုဖို့ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီက ၎င်းတို့ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြင်းခြံနဲ့ မကွေးမြို့တွေကို တရားလက်လွတ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပစ်မှတ်ထားလုပ်ဆောင်ခဲ့ပြီး ၎င်းတို့ တပ်သားတွေကလည်း လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုနဲ့ မုဒိန်းမှုတွေကို ကျူးလွန်ခဲ့တာပါ။

Wärtsilä Corporation ဟာ ဖင်လန်စတော့အိတ်ချိန်း Nasdaq Helsinki မှာ စာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၎င်းတို့ရဲ့ အများဆုံးရှယ်ယာရှင်မှာ ဆွီဒင်နိုင်ငံရဲ့ Wallenberg မိသားစုဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Wärtsilä အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို လုံး၀အပြစ်ပေးအရေးယူခံမနေရပဲ ကျူးလွန်နေတဲ့ စစ်ကောင်စီဆီကနေ အကျိုးအမြတ်တွေ ရှာဖွေနေတာ ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးတာကို ဗျူဟာမြောက် လက်နက်အနေနဲ့ အသုံးချပြီး တိုင်းပြည်ကို အပြည့်အဝ ထိမ်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာပါ။ လျှပ်စစ်မီတာခတွေ မပေးပဲ အကြမ်းဖက်စစ်တပ်ကို အံတုဆန့်ကျင်နေကြတဲ့ ပြည်သူအများစုကြီးကို အကြမ်းဖက်စစ်တပ်က တုန့်ပြန်အပြစ်ပေးတဲ့အနေနဲ့ မီးတွေဖြတ်တာ လုပ်နေပါတယ်” လို့ ဆိုပါတယ်။

Wärtsilä က ဒဏ်ခတ်ပိတ်ဆို့အရေးယူခံရတဲ့ မိတ်ဖက်ကုမ္ပဏီ MCM နဲ့ သူတို့ရဲ့ စီးပွားရေး ဆက်နွယ်မှု တွေကို ရပ်ဆိုင်းလိုက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့နဲ့အတူ တင်ဒါနှစ်ခု ရထားတဲ့ မိတ်ဖက်ကို ဒဏ်ခတ်အရေးယူတဲ့အနေနဲ့ ဘယ်လိုဖယ်ထုတ်ခဲ့တယ်ဆိုတာ ထုတ်ပြန်ပြောကြားခြင်း မရှိတဲ့အပေါ်မှာ စိုးရိမ်နေရဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါတယ်။

Wärtsilä ဟာ လူ့အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်တွေကို အစကတည်းက မလိုက်နာခဲ့တာကြောင့် မြန်မာစစ်တပ် အတွက် အဓိက စစ်လက်နက်ရောင်းဝယ်ပေးသူနဲ့ စီးပွားရေးမိတ်ဖက်အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒါဟာ စိုးရိမ်စရာ ကောင်းတဲ့အချက်ဖြစ်တယ်လို့ JFM က ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြပါတယ်။

ဒါ့ကြောင့် Wärtsilä အနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့၊ ၎င်းတို့ရဲ့ လူ့အခွင့်အရေးတာဝန်တွေကို လိုက်နာဖြည့်ဆည်းဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့၊ MCM နဲ့ စစ်ကောင်စီအတွက် ငွေအလုံးအရင်းလိုက်ဝင်မဲ့ မြင်းခြံနဲ့ မကွေးစွမ်းအင်စီမံကိန်းတွေကနေ နုတ်ထွက်ဖို့ တောင်းဆိုတယ် လို့လည်း ဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article