ရန်ကုန်၊ ဧပြီ ၂၂
ရှမ်းပြည်နယ်၊ မူဆယ်မြို့ ၁၀၅ ဝန်းကျင်တွင် စစ်တပ်ထုတ်ကုန် မြန်မာစည်ဘီယာ ၁၅၀ တင်ဆောင်လာသော ကား ၅ စီးကို ဖမ်းဆီးလိုက်ပြီး အဆိုပါ စည်ဘီယာများကို မူဆယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းဖျက်ဆီးသွားမည်ဖြစ်ကြောင်း People Security And defense Army – Muse အဖွဲ့ထံမှ သိရှိရသည်။
ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်မှ မွန်းလွဲ ၂ နာရီအထိ ကား ၅ စီးကို ဖမ်းဆီးရာ မြန်မာစည်ဘီယာ ၁၅၀ စည် သိမ်းဆည်းမိကြောင်း၊ ယင်းဘီယာများကို ဖျက်ဆီးမည်ဖြစ်ပြီး ကားများနှင့်ကားသမားများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
“PSDA က ဒီနေ့ မူဆယ်မြို့ ၁၀၅ မိုင် အနီးမှာ လိုင်းကား အသေးငါးစီးဖြင့်သယ်ဆောင်လာသော မြန်မာစီဘီယာ စည်စုစုပေါင်း ၁၅၀ ကို ဖမ်းဆီးရမိပါတယ်။ ကားသမားတွေနဲ့ ကားကိုတော့ ပြန်လွှတ်ပေးပြီး
ဘီယာစည်တွေကိုတော့ ဖျက်စီးသွားမှာပါ” ဟု PSDA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် ရှမ်းပြည်နယ်၊ နမ်းခမ်းမြို့တွင် စည်ပင်ရုံးနှင့် အကောက်ခွန်ရုံးတို့ကို သတိပေး ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ နမ်းခမ်းမြို့ PSDA နမ့်ခမ်းစည်ပင်နဲ့ အကောက် ခွန်ရုံးကို သတိပေး ဖောက်ခွဲမှု ပြုလုပ်ခဲ့ပါတယ်။စည် ပင် ရုံးကိုတော့ ဝန်ထမ်းတွေကို CDM လုပ်ဖို့ စည်းရုံးသတိပေးခဲ့ပါတယ်။ အကောက်ခွန်ရုံးကိုတော့ ဖောက်ခွဲမှုပြုလုပ်ခဲ့ပါတယ်” ဟု PSDA မှ တာဝန်ရှိသူက ပြော သည်။



