25 C
Yangon

မန္တလေးတွင် သွေးသောက်အမည်ခံ အဖွဲ့က ညှဉ်းပန်းနှိပ်စက်ပြီး ပစ်ထားခဲ့သည့် NLD ပါတီဝင် ဒေါ်ခ ရရှိဒဏ်ရာများဖြင့် ကွယ်လွန်

Must read

ရန်ကုန်၊ ဧပြီ ၂၅

မန္တလေးတွင် သွေးသောက်အမည်ခံ အဖွဲ့က ညှဉ်းပန်းနှိပ်စက်ပြီး လမ်းပေါ်တွင် ပစ်ထားခဲ့သည့် NLD ပါတီဝင်နှင့် အမာခံထောက်ခံသူ ရပ်ကျေးဥက္ကဋ္ဌ စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးခင်မောင်သိန်း၏ ဇနီး ဒေါ်ခသည် ယနေ့ နံနက်ပိုင်း ရရှိဒဏ်ရာများဖြင့် ကွယ်လွန်သွားကြောင်း သိရှိရသည်။

“ဦးခင်မောင်သိန်းအလောင်းကို ပစ်ပြီး ထားခဲ့တုန်းက ဒေါ်ခ အသက်ရှင်သေးတယ်။ အခုတော့ရရှိဒဏ်ရာတွေနဲ့ ဆုံးသွားပြီ” ဟု မန္တလေး ကင်းထောက် Voice Of Mandalay-3 က ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့တွင် မန္တလေးမြို့ရှိ NLD ပါတီဝင်နှင့် အမာခံထောက်ခံသူ ရပ်ကျေးဥက္ကဋ္ဌ စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးခင်မောင်သိန်းနှင့် ဒေါ်ခ တို့ကို ရဲကားဖြင့် ဖမ်းဆီးသွားပြီး ဦးခင်မောင်သိန်းကို သေနတ်ဖြင့်ပစ်သတ်ကြောင်း၊ ယင်းနောက် သွေးသောက်အဖွဲ့ လည်ဆွဲ ချိတ်ဆွဲပေးပြီး မြို့ ပတ်လမ်းရှိ NLD ရုံးအရှေ့တွင် သေဆုံးနေသော ဦးခင်မောင်သိန်းအလောင်းနှင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားသော ဇနီးဖြစ်သူ ဒေါ်ခတို့ကို ယမန့် ညသန်းခေါင်အချိန်ကတည်းက ရဲကားများဖြင့် ပစ်ချထားခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၂၅ ရက်နေ့ နံနက် ၆ နာရီတွင်မှ လူနာတင်ကားဖြင့် ဒေါ်ခကို ဆေးရုံပို့ရပြီး သွေးသောက်အဖွဲ့ အမည်ခံထားသော ရဲနှင့်စစ်တပ်က ပစ်သတ်ထားသည့် ဦးခင်မောင်သိန်းအလောင်းကို ဆေးရုံပို့ဆောင်ရ ကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလ ၂၄ ရက်နေ့ ယမန်နေ့ည ၁၀ နာရီ ၁၃ မိနစ်အချိန် ကလည်း ၁၉ လမ်း၊ ၂၂ လမ်းအကြား စံပယ်တိုက်ခန်း တန်ဖိုးနည်းအိမ်ရာတွင် အမျိုးသားတစ်ဦးကို PDF ထောက်ပို့ လုပ်ကိုင်သည်ဟုဆိုကာ သတ်ဖြတ်ပြီး အလောင်း၏လည်ပင်းတွင် သွေးသောက်အဖွဲ့လည်ဆွဲ ချိတ်ဆွဲပေးခဲ့ကြောင်း သိရှိရသည်။

“သွေးသောက်အဖွဲ့ ဆိုပြီးတော့သာ နာမည်ထုတ်နေတာ။ အလောင်းလာပစ်တာက ရဲကားနဲ့ပါ။ မျက်မြင်သက်သေတွေလည်းရှိပါတယ်” ဟု မန္တလေး ကင်းထောက်အဖွဲ့Voice Of Mandalay-3 က ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့တွင် သွေးသောက်အဖွဲ့ အမည်ခံ၍ NLD ပါတီဝင်များ၊ မိသားစုဝင်များကို ၊ တက်ကြွလှုပ်ရှားသူများ၏ မိသားစုဝင်များကို အနီရောင် စစ်ဆင်ရေးအဖြစ် သတ်ဖြတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး စစ်တပ် လော်ဘီ ဟန်ငြိမ်းဦး အပါအဝင် စစ်တပ်ထောက်ခံသူများက ယင်းကြေညာချက်ကို တယ်လီဂရမ်တွင် မျှဝေခဲ့ကြသည်။

ဓာတ်ပုံ- မန္တလေးတွင် သွေးသောက်အဖွဲ့ အမည်ခံ၍ စစ်တပ်နှင့်ရဲက သတ်ဖြတ်လိုက်သည့် NLD ပါတီဝင် ဒေါ်ခ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article