25 C
Yangon

ဖျာပုံတွင် ကျုံကျိုက်ချောင်းတွင်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အေးကိုနှင့် ဇနီး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၅

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အေးကိုနှင့် ၎င်း၏ ဇနီးဖြစ်သူကို ဒေသကာကွယ်ရေးပြောက် ကျားတပ်ဖွဲ့များက ဧပြီလ ၂၄ ရက် ည ၉ နာရီ ၁၀ မိနစ်တွင် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အေးကိုကို နေအိမ်၌ ဝင်ရောက်ရှင်းလင်းစဉ် အေးကိုနှင့် ၎င်း၏ဇနီးသည်တို့က တုတ်၊ ဓါးဖြင့် ပြန်လည်ခုခံသဖြင့် နှစ်ဦးစလုံးကို ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ဖျာပုံခရိုင် ဧရာဗေဒါတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

တပ်ပြေးတဦးဖြစ်သူ အေးကိုသည် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ကျေးရွာအတွင်း၌ လူငယ်များကို မကြာခဏ ခြိမ်းခြောက်လေ့ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အေးကိုက ဟိုးအရင်က စစ်သား၊ အခုတော့ တပ်ပြေးဖြစ်ပြီးရွာမှာရောက်နေတာ။ အမြဲသောက်တယ်၊ မူးလာပြီဆို ဆဲပြီ၊ မင်းတို့ ငါ့ကို ဘာကောင်မှတ်နေလဲ၊ အကုန်လုံး စစ်တပ်နဲ့ လာဖမ်းခိုင်းလိုက်မယ် ဆိုပြီး ပြောပြောနေတာ။ ညက သူရော သူ့မယားငယ် အေးမွန်သင်းရော ရှင်းခံရတယ်။ သိပ်မကြာဘူး စစ်သားတွေရောက်လာတယ်၊ အလောင်းတွေကို ဖျာပုံကို ပြန်သယ်သွားတယ်။ ရွာသားတွေကိုလည်း ဆဲသွားတယ်၊ အုပ်ကြီး အပစ်ခံရတာ ဘယ်သူမှ မထွက်ကြလို့ဆိုပြီး၊ ကျနော်တို့ရွာမှာက သေနတ်သံဆိုတာ တီဗီထဲမှာပဲ ကြားဖူးတာ၊ သေနတ်သံ ကြားတော့ ထွက်ကြည့်တာပေါ့၊ နောက် အကုန် အိမ်ထဲပြန်ဝင်ပြီး မီးပိတ်နေကြတာ” ဟု ကျုံကျိုက်ရွာသားတဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကျုံကျိုက်ကျေးရွာ အုပ်ကြီးအေးကို ကို ဖျာပုံခရိုင်၊ ဘိုကလေး (ဧရာဗေဒါ)အဖွဲ့နှင့် မအူပင် (သေမင်းလက်ရာ) အဖွဲ့တို့ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်ကောင်စီခန့် အုပ်ကြီးများ နုတ်ထွက်ပြီး ပြည်သူ့ဘက်မှ ရပ်တည်ရန် သတိပေးထားသည့်အဆင့်မှာ ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ဧရာဗေဒါအဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အေးကို။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article