25 C
Yangon

KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏မယ်ဝေ စခန်းအတွက် ရဟတ် ယာဉ်ဖြင့် ရိက္ခာထုပ်များ လာရောက်ကျဲချမှု အထုပ်အားလုံးနီးပါး KNLA က ရရှိ

Must read

ရန်ကုန်၊ ဧပြီ ၂၅

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ မယ်ဝေ (မဲဝိုင်) ကျေးရွာအုပ်စုတွင် ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီစခန်းများကို လေကြောင်းမှတဆင့် ယနေ့ ဧပြီလ ၂၅ ရက် ညနေပိုင်းတွင် စစ်ရဟတ်ယာဉ်က ရိက္ခာထုပ်များ ကျဲချရာ ရိက္ခာထုပ်အားလုံးနီးပါးကို ကရင်လွတ်မြောက်ရေးတပ်မတော် KNLA က သိမ်းဆည်းရမိကြောင်း KNU တပ်မဟာ ၅ မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ယနေ့ ညနေ ၄ နာရီခွဲတွင် ရိက္ခာထုပ် ၅ ထုပ်ကို ၁ ကြိမ်ကျဲချခဲ့ပြီး ၄ နာရီ ၄၅ မိနစ်တွင် ရိက္ခာထုပ် ၆ ထုပ်ကို ထပ်မံကျဲချခဲ့ကြောင်း အဆိုပါ အထုပ်များအနက်မှ ၉ ထုပ်ကို KNLA က သိမ်းဆည်းခဲ့ပြီး ၂ ထုပ်ကိုမူ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရှိရသည်။

ရိက္ခာထုပ်များ ကျဲချချိန်တွင် ဖာပွန်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီစခန်းက ၁၂၂ မမ စိန်ပြောင်းဖြင့် မဲဝေဒေသသို့ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ထိခိုက်မှုမရှိကြောင်း KNU တပ်မဟာ ၅ က ဆိုသည်။

မယ်ဝေစခန်းတွင် ခလရ ၉၇ တပ်ရင်းနှင့် ခမရ ၄၀၅ တပ်ရင်းတို့ ရှိပြီး ကုန်း ကြောင်းဖြင့် လက်နက်ရိက္ခာပို့ လမ်းကြောင်းများကို KNLA က ဖြတ်တောက်ထားခြင်းကြောင့် လေကြောင်းမှ လာရောက်ပို့ဆောင်ခြင်းလည်း ဖြစ်သည်။

ခလရ ၉၇ တပ်ရင်းတပ်ဖွဲ့များသည် နောက်တန်းပြန်ရမည့်အချိန်ကျော်လွန်နေပြီဖြစ်ကြောင်း၊ KNU တပ်မဟာ ၅ နယ်မြေကို ဖြတ်သန်းကာ မပြန်ရဲသဖြင့် ခမရ ၄၀၅ တပ်ရင်းနှင့်အတူ လာရောက်ပူးပေါင်းနေခြင်းဖြစ်ကြောင်း မူတြော်သတင်းစဉ်က ရေးသားဖော်ပြသည်။

ဓါတ်ပုံ – စစ်ကောင်စီ၏ လူနှင့် ရိက္ခာတင် ရဟတ်ယာဉ်များ ရပ်နားထားစဉ် (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article