25 C
Yangon

ရွှေပြည်သာတွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်၊ ဒဂုံမြောက်ပိုင်းတွင် ဗုံး ၅ လုံး ပေါက်ကွဲ၊ ဒဂုံဆိပ်ကမ်းအုပ်ချုပ်ရေးမှူးအိမ် ဗုံးပစ်ခံရ၊ ဗဟန်းရေတပ်အိမ်ရာ မိုင်းခွဲခံရမှု စစ်သား ၃ ဦး ထိမှန်၊ လှိုင်သာယာတွင် ဆိုင်ကယ်ဖမ်းနေသော စစ်အုပ်စု ဗုံးပစ်ခံရ

Must read

ရန်ကုန်၊ ဧပြီ ၂၆

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းတို့တွင် ယနေ့ညပိုင်း ဗုံး ၁၀ လုံးနီးပါးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧပြီလ ၂၆ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ပြင်းအားအလွန်ကြီးသော ဗုံးပေါက်ကွဲမှု ၅ ကြိမ်ဖြစ်ပွားပြီး အရှေ့ဒဂုံနှင့်မြောက်ဒဂုံမြို့နယ်များမှ ပြည်သူများ ကြားသိရကြောင်း သိရှိရသည်။

“ဗုံးပေါက်ကွဲတာ ဆက်တိုက်ပဲ။ အရမ်းကျယ်တာ။ ပြီးတော့ လူနာတင်ကားတချို့သွားတာတွေ့ရတယ်။ အခုက ဗုံးကွဲရင် စစ်တပ်က ရမ်းသမ်းပစ်လို့ အပြင်မထွက်ရဲဘူး။ အိမ်ထဲကနေပဲ နားစွင့်ချောင်းကြည့်နိုင်တယ်” ဟု မ၀တလမ်းဆုံအနီး လမ်းမကြီးဘေးရှိ နေအိမ်တစ်ခုတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။

ဒဂုံမြောက်ပိုင်း ဒေသသတင်းရင်းမြစ်၏ အဆိုအရ ယနေ့ည ဧပြီ ၂၆ရက် ည ၇နာရီ ၁၅ မိနစ်အချိန်ခန့် မြောက်ဒဂုံမြိုနယ် မဝတလမ်းဆုံအနီး စစ်ကောင်စီတပ်သားများ တပ်စွဲထားသော အားကစားကွင်းကို ၄၀ မမ ဖြင့် ၅ ကြိမ် ဖောက်ခွဲခဲ့ပြီး ၉မမ ကျည် ၈ ချက်ခန့်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” DC သုံးစီး ကင်းပတ်ပြီး ပြန်လာတဲ့အချိန် ကြိတ်ခဲ့တာ။ ၄၀ မမ ၃ လုံးက ခွေးတွေထဲကျပြီး ကျန်၂လုံးက အနောက် အပြင်နည်းနည်းရောက်တယ်။ ကျနော်တို အားလုံးဘေးကင်းကင်း ပြန်ဆုတ်နိုင်ခဲ့တယ်ဗျ ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးကို ကိုးကားပြီး ဒေသဒဂုံရင်းမြစ်က သတင်းထုတ်ပြန်ထားသည်။

အလားတူ ရွှေပြည်သာတွင် ယနေ့ ည ဗုံး ၄ လုံးပေါက်ကွဲကြောင်း ၊ ဧပြီလ ၂၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် နန်းထိုက်အောင်စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရွှေပြည်သာမြို့နယ် ဧရာဝတီပတ်လမ်းရှိ ယာဉ်ထိန်းရုံးအတွင်းရှိ ရဲများကို YUGA(MO-7 Eagle) နှင့် Shwepyithar Defense Force ပူး‌ပေါင်းအဖွဲ့က လက်ပစ်ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး သေနတ် ၁၀ ချက်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နောက်ချန်မိုင်းတစ်လုံး ထပ်မံဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ ည၇နာရီ၁၅မိနစ်ခန့်အချိန် ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ်၈၈ ရပ် ကွက်မှ စစ်ကောင်စီခန့် ရပ်ကွက် ဥက္ကဌ ဥာဏ်၀င်းအိမ် ဗုံးဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ သိရှိရသည်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ မဟာစည်ရိပ်သာလမ်းအတွင်းရှိ ရေတပ်အိမ်ရာဝင်းအတွင်းတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လာရောက် စစ်ဆေးသော စစ်တပ်လည်း မိုင်းခွဲခံရသဖြင့် စစ်သား ၃ ဦး မလှုပ်မယှက် လဲကျသွားမှု မြင်တွေ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

“မနေ့ည ၉ နာရီ ၁၀ မိနစ်လောက် ဗဟန်းမဟာစည်ရိပ်သာလမ်းမှာ ဗုံးတလုံးပေါက်သွားပါတယ်။ ၁၀ မိနစ်လောက်မှာ DC ၃စီးဝင်လာပါတယ်။ အဲဒါ ထပ်ပြီး ပေါက်ကွဲမှုဖြစ်တယ်။ ပေါက်ကွဲမှု ဖြစ်တဲ့နေရာနဲ့တော့ သူတို့ကပ်မရပ်ထားဘူး။ DC ကားတွေ။ ရေတပ်အိမ်ရာဝန်းအရှေ့နားရပ်ထားတာပါ။ သူတို့စစ်နေတဲ့အချိန် ည ၉ခွဲလောက်မှာ မိုင်းနှစ်လုံး အကြီးအကျယ်ထပေါက်တယ်။ စစ်သား ၃ ယောက် လဲကျသွားတာကိုယ်တိုင်တွေ့လိုက်ပါတယ်။ သိပ်မကြာခင်အရေးပေါ်ကားတွေဝင်လာပြီး။ စစ်သား ၃ ယောက်ကို ထမ်းတင်သွားတာတွေ့လိုက်တယ်။ သေ၊ မသေ မသိပေမယ့် သေမယ်လို့ ထင်ပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်တိုင်းဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သာလမ်းရှိ ရေတပ်အိမ်ရာဝင်းနှင့်ကင်းလှည့်စစ်တပ်ကို ယနေ့ညပိုင်းတွင် Dark shadow အဖွဲ့က ၃ ကြိမ် ဖောက်ခွဲတိုက်ခိုက်ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဧပြီလ ၂၅ ရက်နေ့ ည ၉ နာရီ ၁၁ မိနစ် အချိန်တွင် ဗဟန်းမြို့နယ်၊မဟာစည်သာ့သနာ့ရိပ်သာလမ်းရှိ ရေတပ်မိသားစုအိမ်ရာကို ဖောက်ခွဲကြောင်း၊ ယင်းနောက် လာရောက်ရှာဖွေစစ်ဆေးသောအကြမ်းဖက်စစ်ကောင်စီတပ်ကို ည ၉ နာရီ ၃၀မိနစ်နှင့် ည ၉ နာရီ ၃၅ မိနစ်တွင်မြို့ပြပျောက်ကြား Dark shadow တပ်ဖွဲ့က ထပ်မံ၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ ည ၉ နာရီ ၁၂ မိနစ်အချိန် တောင်ဥက္ကလာပမြို့နယ်အပါအဝင် သင်္ဃန်းကျွန်း ၊ ရန်ကင်း ၊ တာမွေ ၊ ဗဟန်း ၊ မြောက်ဒဂုံ နှင့် တောင်ဒဂုံမြို့နယ်များတွင် ဗုံးပေါက်ကွဲသံကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရန်ကုန်မြို့၊ပန်းဘဲတန်းမြို့နယ် ၅ ရပ်ကွက်ရှိ ဗိုလ်ချုပ်စျေးဂုံးကျော်တံတားပေါ်တွင် ဧပြီ ၂၅ ရက်နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလ ၂၅ ရက်နေ့ လှိုင်သာယာမြို့နယ် စက်မှုဇုန်မှတ်တိုင်နှင့်ဗိုလ်ချုပ်မှတ်တိုင်တွင် ပြည်သူများမောင်းနှင်နေသော ဆိုင်ကယ်များကို အတင်းလုယက်ဖမ်းဆီးနေသော စစ်ကောင်စီတပ်ကို နံနက်၉ နာရီ ၃၀ မိနစ်အချိန်တွင် ဗုံး(၁)လုံးဖောက်ခွဲတိုက်ခိုက်ကြောင်း၊ ရွှေပြည်သာတံတားအဆင်းတွင်လည်းဆိုင်ကယ်ဖမ်းဆီးနေသော စစ်ကောင်စီတပ်ကို မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင်ဗုံး(၁)လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article