26 C
Yangon

ရန်ကုန်အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေ ဆိုးဝါးလာပြီး တစ်နေ့လျှင် အနည်းဆုံး ၈ နာရီမှ ၁၀ နာရီကျော်အထိ မီးပြတ်တောက်

Must read

ရန်ကုန်၊ ဧပြီ ၂၆

ရန်ကုန် အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေဆိုးဝါးလာနေပြီး တစ်နေ့လျှင် အနည်းဆုံး ၈ နာရီမှ ၁၀ နာရီကျော်အထိ မီးပြတ်တောက်မှုများရှိနေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“နေ့လည်း မလာဘူး။ ညလည်း မလာဘူး။ ၁၀ မိနစ်လောက်လာပြီးလည်း ပျက်ချင်သလို ပျက်တယ်။ မှန်းလို့မရတော့ဘူး။ သင်္ကြန်ကာလမှာ မီးမှန်လိုက်သေးတယ်။ သင်္ကြန်ပြီးကတည်းက အခုလို ပျက်ချင်သလို ပျက်၊ လာချင်သလိုလာတာပဲ” ဟု တာမွေမြို့နယ်မှ ဒေသခံတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့တွင် မီးပျက်ချိန် မီးလာချိန် ပုံမှန် မဟုတ်သည့်အတွက် အထပ်မြင့်တိုက်တာအများစု ရေအခက်အခဲ ကြုံရသည်ဟု သိရှိရသည်။

“စည်ပင်ရေယူတဲ့လူရော၊ အဝီစိရေ တူးထားတဲ့လူရော မီးလာချိန်ကို မျှော်နေရတာ။ စည်ပင်ရေက အချိန်နဲ့လာတော့ မီးလာချိန်မှာ ဝီရိယထားတင်ရတယ်။ အဝီစိရေကတော့ မီးလာတာနဲ့ အောက်ရေကန်ကြီးထဲ ရေထည့်ထားအဲလိုလုပ်ရတယ်။ အပေါ်ထပ်တွေကလည်း မီးလာတာနဲ့ ပန့်နဲ့ရေတင်ကြတယ်။ မီးလာရင် ကမ္ဘာပျက်နေသလိုပဲ၊ အလုပ်တွေ ဆက်တိုက်လုပ်ထားရတာ။ အခု မီးက လာချင်သလို လာတော့ ရေအရမ်းခက်တယ်။ အိမ်သာရေ တောင် လုံလုံ လောက်လောက် မရှိဘူး” ဟု စမ်းချောင်းမြို့နယ်မှ ပြည်သူတစ်ဦးက ဆိုသည်။

မန္တလေးမြို့မှ ဒေသခံများကလည်း လျှပ်စစ်မီးလာချိန်နှင့်ပျက်ချိန်များ ပုံမှန်မဟုတ်တော့ဘဲ ရာသီဥတု ပူပြင်းချိန်တွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ အတိဒုက္ခရောက်နေရသည်ဟု ဆိုသည်။

“အခုရက်ပိုင်းအရမ်းပူလာတယ်။ ညဆိုလည်း မအိပ်နိုင်ဘူး။ မီးကပျက်တော့ အဲကွန်းလည်း ဖွင့်မရ။ အိမ်မှာ ကလေးငယ်ရော သက်ကြီးရွယ်အိုရောရှိတော့ သူတို့တွေလည်း ညဘက် အိပ်မရကြဘူး။ အဲဒါနောက်ဆုံး အိမ်ရှေ့ မြေကြီးပေါ် ဖျာခင်းပြီး ယိုးဒယားခြင်ထောင်(ကြိုးမလို သံထောက်ဖြင့်) ထောင်ပြီး ကလေး သိပ်ရတယ်။ လူတွေလည်း မင်းဆိုးမင်းညစ်တက်လာကတည်းက ဒုက္ခတွေချည်းပဲ” ဟု မန္တလေးဒေသခံတစ်ဦးက ဆိုသည်။

ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များတွင်လည်း ရက်ခြားမီးပေးနေကြောင်း၊ တစ်ရက် မီးလာပြီး ၂ ရက်ခန့် မီးပျက်သည့်ပုံစံမျိုးဖြစ်နေကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာ လျှပ်စစ်ဓာတ်အား ရရှိမှု လျှော့နည်းလာ၍ အလှည့်ကျမီးပေးစနစ်ဖြင့်သာ မီးပေးနေရပြီး အချိန်မှန် အလှည့်ကျ မီးပေးနိုင်ရေး ကြိုးစားလျက်ရှိသည်ဟု ပြန်လည်ဖြေဆိုသည်။

ဓာတ်ပုံ- စစ်အာဏာရှင် ပေးသည့် ဒုက္ခများကြားမှ ရန်ကုန်မြို့။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article