25 C
Yangon

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက် ဖိနှိပ်ပြစ်ဒဏ်ပေးမှုများ ပိုမိုဆိုးရွားလာနေ

Must read

ရန်ကုန်၊ မေ ၂

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပေါ် ထောင်အာဏာပိုင်များနှင့် စစ်တပ်က နည်းမျိုးစုံသုံး၍ ဖိနှိပ်ရက်စက်နေမှုများ ပိုမိုဆိုးဝါးလာကြောင်း စုံစမ်းသိရှိရသည်။

ယခုနှစ်သင်္ကြန်အပြီးကာလတွင် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများထဲမှ ထောင်အာဏာပိုင်များအား ပြန်လှန်ပြောကြားရဲသူ၊ ခေါင်းဆောင်ဟုယူဆသူများနှင့် ထောင်တွင်းသပိတ်တိုက်ပွဲများတွင် တက်တက်ကြွကြွပါဝင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားများကို ရပ်ဝေးထောင်များသို့ ပြောင်းရွှေ့ခဲ့ပြီး အမှုလက် ကျန်ရှိနေသေးသူများကိုလည်း အကြောင်းအမျိုးမျိုးပြဖိနှိပ်၍ မတရားပြစ်ဒဏ်များ ချမှတ်နေကြောင်း သိရှိရသည်။

“ထောင်ထဲမှာ ထူးခြားဖြစ်စဉ်ရှိပြီဆိုတာနဲ့ အရာရှိတွေက ထောင်ထဲက စရဖနဲ့ ပြည်ထဲရေး အထက်ရုံးတွေဆီ တိုက် ရိုက်သတင်းပို့ရတယ်။ သတင်းပို့ရတဲ့အခါကျတော့ ဘယ်ဖြစ်စဉ်မှာ ဘယ်သူဘယ်ဝါကတော့ ဦးဆောင်တောင်းဆိုတယ်။ ဘယ်အဆောင်က ဘယ်သူကတော့ ထောင်အရာရှိတွေကို မချေမငံဆက်ဆံတယ် စသည်ဖြင့် နာမည် နဲ့ သတင်းပို့ရတဲ့အခါကျတော့ နာမည်စာရင်းမှာ ခဏ ခဏပါတဲ့သူတွေကို ထောင်ပြောင်းတာ လုပ်တာပါ။ နာမည်စာရင်းထဲမှာပါတဲ့ နောက်အမှုရှိနေသေးတဲ့သူတွေကျတော့ စည်းကမ်းအမျိုးမျိုးချပြီး ကျပ်တာပေါ့လေ။ ထောင်ဥပဒေဆိုတာက တကယ်စစ်စစ်ပေါက်ပေါက်ကျပ်ချင်ရင် ခြင်ရိုက်ရင်တောင် ပြစ်ဒဏ်ချလို့ရတဲ့အခါကျတော့ မျက်မုန်းကျိုးပြီဆို ဘယ်သူ့ကိုမဆို ဒုက္ခပေးလို့ရတာပေါ့။ ထောင်စကားနဲ့ပြောရရင် ‘လုပ်ထားဦး တဂွင်ကြုံရင် အရင်း ကျေတယ်’ ဆိုပြီး အရာရှိတွေက နောက်ကွယ်မှာ ပြောပြီဆိုရင် သိပ်မကြာဘူး။ အဲဒီလူ အကြောင်းရှာပြီး ရိုက်နှက်၊ ဒေါက်ခတ်၊တိုက်ပိတ်တာပဲ” ဟု အကျဉ်းထောင်သတင်းရင်းမြစ်က ပြောသည်။

ဧပြီလ ၂၅ ရက်နေ့ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတချို့ကို နယ်အကျဉ်းထောင်များသို့ ထောင်ပြောင်းအပို့ခံရချိန်တွင် ထောင်ပြောင်းမပါသော အမှုလက်ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း စည်း ကမ်းများ ထပ်မံတင်းကျပ်မှုများလုပ်ဆောင်လျက်ရှိကြောင်း သိရှိသည်။

အင်းစိန်အကျဉ်းထောင်ရှိ နိုင်ငံရေးသမားများကိုချုပ်နှောင်ထေားသာ တိုက်များရှိ ထောင်အာဏာပိုင်များက အကြောင်းတစုံတရာမရှိဘဲ ဝင်ရောက်ရှာဖွေပြီး အပြင်ဝတ်စုံ များကို သိမ်းဆည်းခဲ့ကြောင်း၊ ထိုသို့ အဝတ်အစားများကို သိမ်းယူမှုနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများနှင့် ထောင်အာဏာပိုင်များ စကားကတောက်ကဆဖြစ်ကာ ပြဿနာဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

သန်လျင်မြို့နယ် NLD လူငယ် ကိုသန်းတိုးအောင်က ‘ထောင်ဝတ်စုံကို တိုက်ရုံးခန်းသွားချိန်၊ အပြင်ဘက်ထွက်ခွာချိန်တွင် ဝတ်ဆင်ရသည်ကို နားလည်သော် လည်း ကိုယ့်အခန်းတွင် ကိုယ်နေချိန် အပြင်ဝတ်စုံဝတ်ဆင်ကြခြင်းမှာ စည်း ကမ်းချိုးဖောက်ခြင်းမဟုတ်ကြောင်း ထောင်အာဏာပိုင်များအား ပြန်လည်ပြောကြားခဲ့ကြောင်း၊ ထိုသို့ တုံ့ပြန်ပြောဆိုခြင်းကြောင့် ကိုသန်းတိုးအောင်ကို ဒေါက်ခြေကျင်းခတ်၍တိုက်ပိတ်ထားကြောင်း၊ ထောင်ဝင်စာပါ ပိတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် NLD လူငယ် ကိုသန်းတိုးအောင်က အစာငတ်ခံဆန္ဒပြရာ အစာငတ် ခံပြီး နှစ်ရက်နှင့် နေ့တဝက်အချိန်တွင် ထောင်ပိုင်က ခေါ်တွေ့ပြီး အစာငတ်ခံဆန္ဒပြရသည့်အကြောင်းရင်းနှင့် တောင်းဆိုချက်များဖြစ်သည့် အရပ်ဝတ် အဝတ် အစားများ ပြန်ဝတ်ခွင့်ပေးရန်၊ ထောင်ဝင်စာ ပါဆယ် ပြန်ဖွင့်ပေးရန်၊ မနက် ၁ ကြိမ်၊ ညနေ ၁ ကြိမ် ပုံစံထိုင်ခိုင်းခြင်းကို နိုင်ငံရေးအကျဉ်းသား ဖြစ်သည့်အတွက်ကြောင့် ပုံစံမထိုင်ခိုင်းရန် တို့ကို လိုက်လျောခဲ့ကြောင်း၊ သို့ရာတွင် ကိုသန်းတိုးအောင်ကို ခြေထောက်ဒေါက်ခြေကျင်းဖြင့် ဆက်လက် ချုပ်နှောင်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အင်းစိန်အကျဉ်းထောင်မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article